မင်းလှမြို့ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ တီဘီရောဂါစမ်းသပ်စစ်ဆေးခြင်း ဆက်လက်ဆောင်ရွက်

အထက်မင်းလှ ဒီဇင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျောင်းအခြေပြုတီဘီရောဂါစမ်းသပ်ရှာဖွေစစ်ဆေးခြင်းကို ဒီဇင်ဘာ(၁၆)ရက်နေ့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ ယမန်နေ့မွန်းလွဲ(၁)နာရီက အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးနှင့် ကျန်းမာရေးဝန်ထမ်းဆရာမများက တီဘီရောဂါလက္ခဏာများနှင့် တီဘီရောဂါဖြစ်ပွားစေတတ်သော အကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး တီဘီရောဂါသံယရှိသော ကျောင်းသား၊ ကျောင်းသူများကို သလိပ်စစ်ဆေးခြင်း ရင်ခေါင်းဓာတ်မှန်ရိုက်ကူးခြင်းနှင့် သွေးစစ်ဆေးခြင်းတို့ကို တီဘီဌာနနှင့် ဓာတ်မှန်ဓာတ်ခွဲဌာနတို့တွင် စစ်ဆေးပြီး လိုအပ်သည့်ကုသမှုများအား ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်သည်။

မင်းလှမြို့နယ်တွင် အခြေခံပညာ‌မူလတန်းကျောင်း (၉၃)ကျောင်း၊ အလယ်တန်းကျောင်း(၅၄)ကျောင်း၊ အထက်တန်းကျောင်း(၁၁)ကျောင်း၊ စုစုပေါင်း(၁၅၈)ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူပေါင်း(၂၀၆၄၃)ဦးရှိရာ ဒီဇင်ဘာ(၁၈)ရက်နေ့အထိ တီဘီရောဂါရှိ/မရှိ စစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူ (၁၆၂၅၀)ဦး၊ ကျောင်းပေါင်း(၁၀၇)ကျောင်း စစ်ဆေးဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)