ဂန့်ဂေါ ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအနေဖြင့် အသက်(၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်မှစတင်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် စုရပ်(၂)နေရာခွဲ၍ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဂန့်ဂေါခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်း ဦးဆောင်သည့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက မြို့ပေါ်(၄) ရပ်ကွက်နှင့် ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကာကွယ်ဆေးများမထိုးနှံရသေးသည့် အသက်(၅)နှစ်အောက်ကလေးငယ်များကို ပြင်းထန်ဝမ်းပျက်ဝမ်းလျောကာကွယ်ဆေး(သောက်ဆေး)၊ ပိုလီယိုအကြောသေ ကာကွယ်ဆေး(သောက်ဆေး)၊ ပိုလီယိုအကြောသေကာကွယ်ဆေး(ထိုးဆေး)၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး(JE)၊ ဝက်သက်ဂျိုက်သိုးကာကွယ်ဆေး၊ ပြင်းထန်အဆုပ်ရောင်ကာကွယ်ဆေး(PCV)နှင့် ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(B) -အဆုတ်ရောင်ရောဂါ(ငါးမျိုးစပ်ကာကွယ်ဆေး)များကို ကလေးများ၏ အသက်အရွယ်အလိုက် သတ်မှတ်အကြိမ်အတိုင်း ထိုးနှံပေးခဲ့ကြသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ နံနက်(၈)နာရီမှ (၁၂)နာရီထိ နေ့လယ်(၁)နာရီမှ(၃)နာရီထိ ပုံမှန်ကာကွယ်ဆေးများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်/ဆက်)