ဖျာပုံမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ဖျာပုံ ဒီဇင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီမှ ဦးဆောင်ကျင်းပသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ဖျာပုံအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းခန်းမ၌ကျင်းပပြုလုပ်သည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပရာတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်က အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်ဦးက စည်ပင်သာယာရေးအဖွဲ့ဥပဒေ၊ နည်းဥပဒေများအကြောင်း အသေးစိတ်ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းအိဝင်းက ၁၉၅၁ အလုပ်ရုံများ အက်ဥပဒေပါပြဌာန်းချက်များအား ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားပြီး၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူနိုင်ကကလေးသူငယ်အခွင့် အရေးများဆိုင်ရာဥပဒေမှ ကလေးအလုပ်သမားဆိုင်ရာကိစ္စရပ်များ၊ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးများအလုပ်လုပ်နိုင်သည့် အသက်အရွယ်နှင့်ဥပဒေအရ သတ်မှတ်ထားသောအသက် (၁၄) နှစ်အောက်ကလေးများအား လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းခွင်တွင် ခိုင်းစေခြင်းမပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးပြောကြားရာ အခမ်းအနားသို့တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်

ဖျာပုံခရိုင် (ပြန်/ဆက်)