ပဲခူး ဒီဇင်ဘာ ၁၉
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ရာတွင် အရေးကြီးသည့် အဓိကမောင်းနှင်အားဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုနှင့်အခက်အခဲများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲဖန်တီးယူနိုင်မှသာ ဒေသတွင်း MSME လုပ်ငန်းများ အောင်မြင်မှုကို အရောက်လှမ်းနိုင်မှာဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ရရှိလာသည့် အတတ်ပညာ၊ ကျွမ်းကျင်မှုတို့ကို မိမိတို့၏ တီထွင်ဖန်တီးမှုနှင့် ပေါင်းစပ်အသုံးချပြီး ဈေးကွက်ဝင်ပစ္စည်းများ ထုတ်လုပ်၍ တိုင်းဒေသကြီးအတွင်း ကုန်ထုတ်လုပ်မှု တိုးတက်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း၊ ပြည်တွင်းထုတ်ကုန်ပစ္စည်းများအား အခြေခံ၍ ပြည်ပ တင်ပို့နိုင်သည့် အမယ်သစ်ထုတ်ကုန်အား အရည်သွေးကောင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်ပစ္စည်း ထုတ်လုပ်လာနိုင်သည်အထိ ကြိုးစားလေ့လာသင်ယူစေလိုကြောင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှတာဝန်ရှိသူများနှင့် သင်တန်းနည်းပြများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းထွန်းမိုးက နည်းပညာပံ့ပိုးကူညီမှုနှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာသဇင်ဟန်က သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ လုပ်ငန်းစဉ်များနှင့် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်းဆိုင်ရာ အသိပညာများအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။ ၎င်းနောက် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ထုတ်လုပ်ထားသည့် ဝါးအခြေခံ လူသုံးကုန်ပစ္စည်းများနှင့် သီးနှံအခြေခံတန်ဖိုးမြှင့်ထုတ်ကုန်များအား ကြည့်ရှုအားပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်များဖြစ်သော မျှစ်အခြောက်ခံခြင်းနည်းပညာ၊ အေးခဲထောပတ်သီးအနှစ် ပြုလုပ်ခြင်းနည်းပညာ၊ ဟင်းသီးဟင်းရွက်ဟင်းခတ်မှုန့်ပြုလုပ်ခြင်းနည်းပညာ၊ အသင့်စားဆန်ပြုတ်ထုတ်လုပ်ခြင်းနည်းပညာ၊ ကြက်သားမှုန့်ပြုလုပ်ခြင်း နည်းပညာနှင့် ကိတ်မုန့်ပေါင်မုန့် ကြာရှည်ခံပြုလုပ်ခြင်းနည်းပညာတို့အား ပုဂ္ဂလိကMSME လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်း စုစုပေါင်း (၂၁၄)ဦးအား (၂)ရက်ကြာ သင်တန်းဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)