နတ်တလင်း ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မီးသတ်ကားဖြင့် လိုက်လံအသိပေးနှိုးဆော်မှုများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အသိပေးနှိုးဆော်မှု ဆောင်ရွက်ရာတွင် ပွင့်လင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာသဖြင့် ပြည်သူများမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရမည့်အချက်များ၊ မီးပေါ့ဆမှုမရှိစေရန်နှင့် မတော်တစ်ဆမီးဘေးအန္တရာယ်ကြုံတွေ့ပါက ဆောင်ရွက်ရမည့် အချက်များ၊ နေအိမ်များတွင် မီးဘေးကြိုတင်ကာကွယ်ရန် မီးချိတ်၊ မီးကပ်၊ ရေအိုး၊ သဲပုံး၊ရေကန်၊ လှေကားနှင့် သဲများထားရှိကြရန်၊ မီးသုံးစွဲပြီးပါက မီးကြွင်းမီးကျန်များ ငြှိမ်းသတ်ထားရန်၊ ဘုရားဆီမီးနှင့် အမွှေးတိုင်ပူဇော်ခြင်း၊ ခြင်ဆေးထွန်းခြင်းများကို စနစ်တကျထွန်းပြီး ငြှိမ်းသတ်ကြရန်၊ မီးလောင်လွယ်သော လောင်စာဆီနှင့် မီးလောင်လွယ်သော ပစ္စည်းများအား စနစ်တကျထားရှိရန်နှင့် လူနေအိမ်ခြံဝန်းအတွင်း အမှိုက်များရှင်းလင်းကြရန်၊ စက်ရုံ၊ အလုပ်ရုံ၊ ဌာနဆိုင်ရာ ရုံးများတွင်လည်း မီးဘေးလုံခြုံရေး ဂရုပြုကြရန်နှင့် မီးသတ်ဆေးဗူး၊ ရေလှောင်ကန်များနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးသုံးပစ္စည်းများထားရှိရန် စသည့်အချက်များအား အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် အသိပညာပေးနှိုးဆော်မှုဆောင်ရွက်ရခြင်းမှာ မြို့နယ်အတွင်း မီးလောင်မှုလျော့နည်းစေရန်၊ မီးဘေးအန္တရာယ်ကင်းဝေးစေရန်၊ အများပြည်သူများ နေ့စဉ်သတိရှိစေရန် မြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးနေမျိုးအောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်၊ ကျေးရွာမကျန်အဖွဲ့များခွဲပြီး အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနက သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)