ပေါင်းတည်မြို့နယ်၌  ဖူးစားပြောင်း ဧက ၁၈၀၀ ကျော် စိုက်ပျိုး​ဖြစ်ထွန်း

ပေါင်းတည်  ဒီဇင်ဘာ  ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် ခြံစိုက်တောင်သူများ၏ ဖူးစားပြောင်းစိုက်ပျိုးခင်းများသည် ဖြစ်ထွန်းလျက်ပြီး စုစုပေါင်း ၁၈၃၇ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှသိရပြီး လတ်တလောအချိန်တွင် ပြောင်းစိုက်တောင်သူများထံမှ ဒေသခံပြောင်းဖူးဈေးတန်းက ဝယ်လိုအားကောင်းနေပြီး အဝယ်ဒိုင်များကလည်း စျေးကောင်းပေးဝယ်ယူလျက်ရှိကြောင်းသိရသည်။

ပေါင်းတည်မြို့နယ်၏ ရန်ကုန်-ပြည် အဝေးပြေးကားလမ်းမဘေးတွင် ပြောင်းဖူးစျေးတန်း၊ သီးနှံအရောင်းအဝယ်ဒိုင်များဖြင့် စျေးကွက်အခိုင်အမာဖြစ်ထွန်းနေ၍ ဒေသခံတောင်သူများအနေဖြင့် စိုက်စွမ်းအား တိုးမြှင့်လာကြောင်း၊ အထူးသဖြင့် ဖူးစားပြောင်းကို သုံးရာသီစိုက်ပျိုးကြကြောင်း၊ ထိုသို့ စိုက်ပျိုးရာတွင် စိုက်ပျိုးရေလုံလောက်ရေးအတွက် မိုးရေ၊ ချောင်းရေ၊ ကန်ရေနှင့် ​မြေအောက်ရေတို့ကို ရာသီအလိုက်အသုံးပြုကြကြောင်း၊ စိုက်ပျိုးပြီးအပင်များ ဝတ်ဆံတည်ချိန်တွင် ဝတ်ဆံများကြွေလွင့်ပျက်စီးမှုမရှိစေရန် အထူး ဂရုစိုက်ပေးရကြောင်း၊ ဝတ်ဆံများပျက်စီး ကြွေကျပါက ပြောင်းဖူးစေ့အောင်မြင်မှု လျော့ကျသွားနိုင်ကြောင်းကို နှစ်စဉ်ပြောင်းစိုက်ပျိုးသူ တောင်သူတစ်ဦးက ရှင်းပြသည်။

ထိုဖူးစားပြောင်းများကို စိုက်ပျိုးပြီး ၂ လခန့်အကြာတွင် ဖူးစပြုပြီး ၃လအကြာတွင် ခုတ်၍ ရောင်းချနိုင်ကြောင်း၊ လတ်တလောတွင် ဒေသစျေးနှုန်းလက်လီ တစ်ဖူးလျှင် ၇၅၀ကျပ်၊ လက်ကားတစ်ဖူးလျှင်  ၅၅၀ ကျပ် တို့ဖြင်ရောင်းဝယ်နေကြ​သည်။ ထို့အပြင် ပြောင်းဖူးစျေးတန်း၌ ခရီးသွားပြည်သူများ အလွယ်တကူအသင့်ဝယ်ယူစားသုံးနိုင်စေရန် ပြောင်းဖူးမီးဖုတ်များကိုလည်း ကိုယ်တိုင်စိုက်ပျိုးသူများက စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ တောင်သူအများစုသည် သကြားပြောင်းနှင့် ပြောင်းစေးမျိုးတို့ကို​အသုံးပြု၍ အတန်းလိုက် အစေ့ချစနစ်တကျ စိုက်ပျိုးကြကြောင်း၊ ပေါင်းမြက်ကင်းရှင်းပါက​ အပင်များပို၍ ရှင်သန်ကြီးထွားကြောင်း၊ ​တစ် ဧက အပင်ရေ ၈၀၀၀ ကျော် စိုက်ပျိုးနိုင်ကြောင်း၊ ယခုနှစ်တွင် တစ်ပင်ကို ၄ ဖူးမှ ၅ ဖူးအထိ ထွက်ရှိ​ကြ၍ စျေးနှုန်းလည်းကောင်းမွန်၊ အထွက်လည်းကောင်းကြ၍ ပြောင်ဖူးစိုက် တောင်သူများအနေဖြင့် ယခင်နှစ်များထက် အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)