မကွေး ဒီဇင်ဘာ ၁၉
စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသခံပြည်သူများနှင့် ယနေ့ခေတ်ကျောင်းသား လူငယ်များစာအုပ်စာပေများကို အလွယ်တကူစာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ဖွင့်လှစ်သည့် မကွေးမြို့နယ်၊ ပဌနဂိုရ်ကျေးရွာရှိ အလင်းရောင်စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၈ ရက်နေ့က အဆိုပါစာကြည့်တိုက်၌ ကျင်းပသည်။
ရှေးဦးစွာ စာကြည့်တိုက်အဆောက်အအုံသစ်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ မကွေးတိုင်းဒေသကြီးအတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသခံပြည်သူများကလည်း လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ အလားတူ စာကြည့်တိုက်မှူးများအနေဖြင့် စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာငှားလုပ်ငန်းများအား စနစ်တကျဆောင်ရွက်ကြရမှာဖြစ်သလို ငှားရမ်းသူများအနေဖြင့် စာအုပ်၊ စာစောင်များ ပျက်စီးပျောက်ဆုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ရမှာဖြစ်ပြီး စာအုပ်စာစောင်များ ယခုထက် ပိုမိုတိုးပွားစေရေးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ဖို့လိုအပ်ပါကြောင်းနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေဖို့အတွက် စာကြည့်တိုက်သို့ သွားရောက်ပြီး စာပေဖတ်ရှု လေ့လာစေခြင်း၊ အသိပညာ ဗဟုသုတများကို ကူးယူရေးမှတ်စေခြင်း၊ ဆွေးနွေးတိုင်ပင်စေခြင်းများ စဉ်ဆက်မပြတ်ပြုလုပ်ဖို့ လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စာကြည့်တိုက်ဖွင့်ပွဲတွင် ဖျော်ဖြေပေးခဲ့သည့် ဒိုးပတ်အဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပြီး စာကြည့်တိုက်နှင့်ပတ်သက်သည့် အချက်အလက်များအား အောင်ပဒေသာ ဆောက်လုပ်ရေးကုမ္ပဏီမှ အင်ဂျင်နီယာချုပ် ဦးနေဝင်းကပေးအပ်ရာ မကွေးမြို့နယ်၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက လက်ခံရယူခဲ့ပြီး စာကြည့်တိုက်ဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ တက်ရောက်လာကြသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စာကြည့်တိုက်ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းကာ စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ၊ ပရိဘောဂများ ဖြည့်တင်းထားရှိမှုနှင့် ခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ပညာ့အလင်းစာကြည့်တိုက်အဆောက်အအုံသစ်အား မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီက ခွဲဝေပေးသည့် ငွေကျပ်သိန်း(၁၅၀)ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်အဆောက်အအုံသစ်(၂၁)တိုက်အား တည်ဆောက်ပေးသွားမည်ဖြစ်ရာ ယခုစာကြည့်တိုက်အပါအဝင် စုစုပေါင်းစာကြည့်တိုက် (၁၃)တိုက်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။
ဆက်လက်၍ ယာယီမဏ္ဏပ်တွင် ကျေးရွာရှိဒေသခံပြည်သူများနှင့်တွေဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများအနေဖြင့် သီးနှံများစိုက်ပျိုးရာတွင်လည်း မိုးရေကို အဓိကထားအသုံးပြု၍ စိုက်ပျိုးခြင်းများအပြင် အခြားစိုက်ပျိုးရေရရှိမည့် နည်းလမ်းများကို ရှာဖွေအသုံးပြုကာ စိုက်ပျိုးကြစေလိုကြောင်း၊ ဒေသခံတောင်သူများကို နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အရင်းမပျောက် မတည်ရန်ပုံငွေအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့်လုပ်ငန်းအမျိုးအစားအလိုက် အတိုးသက်သာသောနှုန်းထားဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်စေရေး အလေးထားကြိုးစားဆောင်ရွက်သွားကြရန်နှင့် စိုက်ပျိုးရေးကဏ္ဍ တိုးတက်အောင် သီးထပ်၊ သီးညှပ်အပြင် တစ်နှစ်ကို အနည်းဆုံးနှစ်သီးမှ သုံးသီးအထိ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း လိုအပ်သည်များကို ပံပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေးနှင့် အခြားဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြတောင်းခံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး စာသင်ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)