ရေဖြူမြို့၌ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

ရေဖြူ   ဒီဇင်ဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့၌တွင် ဆောင်းသီးနှံအဖြစ် ဟင်းသီးဟင်းရွက်များ၊ သီးပင် စားပင်များကို စိုက်ပျိုးကြရာ ရာသီပေါ်ချိန်၌ ဈေးကောင်းရရှိကြကြောင်း ရေဖြူမြို့ ဟင်းသီး ဟင်းရွက်စိုက်တောင်သူ၏ ပြောကြားချက်အရ သိရသည်။

“အဓိကကတော့ အများသုံးဖြစ်တဲ့ ပန်းဂေါ်ဖီ၊ ဘူးသီး၊ ငရုတ်သီး၊ သခွားသီးကို အများဆုံးစိုက်ပြီး သူကဈေးကွက်ဝင် ဟင်းသီးဟင်းရွက်ဖြစ်သလို ဝယ်လိုအားလည်းကောင်းကြောင်း ဟင်းသီးဟင်းရွက်စိုက်တောင်သူတစ်ဦးက ပြောသည်။

“ထားဝယ်မြို့နှင့် ရေဖြူမြို့သို့ အများဆုံး သွားရောက်ရောင်းချပြီး ဘူးသီးတစ်လုံး ၂၀၀၀ ကျပ် သခွားသီးတစ်လုံး ၁၀၀၀ ကျပ် ပန်းဂေါ်ဖီ တစ်ပွင့် လျှင် ၃၀၀၀ကျပ်၊ ငရုတ်သီးတစ်ဗူး ၁၇၀၀ ကျပ်ဈေးရရှိသဖြင့် တစ်ရာသီလျှင် မိသားစုဝင်ငွေ သိန်း ၅၀ ခန့် ရရှိကြောင်း သိရသည်။

ဟင်းသီးဟင်းရွက်ပင်များကို ထားဝယ်မြစ်ကမ်း၊ နုံးအနည်နှစ်ကောင်းသည့် နတ်တွင်း၊ ညင်းထွေး၊ ကျောက်ထောင့်ကျေးရွာတို့တွင် လယ်ရိတ်သိမ်းပြီးချိန်တွင် စီးပွားရေးလုပ်ငန်းအဖြစ် စိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။

ခတ္တာ