မြဝတီ ဒီဇင်ဘာ ၁၉
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်များ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဒီဇင်ဘာ ၁၈ ရက်ညပိုင်းက အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်ဈေးကြီးရှေ့ လမ်းမကြီး တစ်လျှောက်နှင့် ရပ်ကွက်အတွင်း လမ်းသွယ်တို့၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့နှိုးဆော်ခြင်းများဆောင်ရွက်ပေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်ဇင်ဟိန်း ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် ယခုအခါပွင့်လင်းရာသီကာလရောက်ရှိပြီးဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်သတိပြုကြစေလိုကြောင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် အိမ်တိုင်းတွင် မီးသတ်ဆေးဘူး၊ ရေပုံး၊ သဲအိတ်၊မီးချိတ်၊မီးကပ်များအဆင့်သင့်ထားရှိရန်လိုကြောင်း၊ လျှပ်စစ်မီးသုံးစွဲရာတွင်လျှပ်စစ်ဝါယာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားနိုင်သောကြောင့် စစ်ဆေးမှုများပြုလုပ်ထားသင့်ကြောင်း၊ ရပ်ကွက်အတွင်း မီးလောင်လွယ်စေသော လောင်စာဆီများသိုလှောင်ခြင်းမပြုကြစေလိုကြောင်း၊ ထင်း/မီးသွေးများသုံးစွဲရာတွင်မီးကြွင်းမီးကျန် များမကျန်ရှိစေရန်နှင့် အဆိုပါမီးကြွင်းမီးကျန်များမှတစ်ဆင့် မီးကူးစက်၍ မီးလောင်မှုများ ဖြစ်ပွားနိုင်သော ကြောင့် ပြည်သူတစ်ဦး/တစ်ယောက်ချင်းမှစ၍ သတိပြုကြစေလိုကြောင်းနှင့် အရေးပေါ်အခြေအနေဖြစ်ပေါ်ပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ဇာဖြူဝင်း(မြဝတီ)