မြောင်းမြ ဒီဇင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ Grade-11 နှင့် Grade-12 တက်ရောက်နေသည့် ကျောင်းသူ၊ ကျောင်းသားများသည် အသက် ၁၇ နှစ်၊ ၁၈ နှစ်အရွယ်ဖြစ်ပြီး Grade - 12 ပြီးလျှင် အသက် ၁၈ နှစ်ထဲ ရောက်ရှိမည်ဖြစ်ရာ လူငယ်လူရွယ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံသဘောတရားများကို နားလည်စေရန်၊ အပြည်ပြည်ဆိုင်ရာတွင် လက်တွေ့ကျင့်သုံးပုံများနှင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် အခြားသိသင့်သိထိုက်သည့် ပြဋ္ဌာန်းချက်များကို သိရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်းအမှတ်စဉ်(၂)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်(၁၂း၀၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို မြောင်းမြခရိုင်(မြောင်းမြမြို့နယ်၊ အိမ်မဲမြို့နယ်၊ ဝါးခယ်မမြို့နယ်)နှင့် လပွတ္တာခရိုင်(လပွတ္တာမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်)များမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၂၀၄)ဦးတို့အား သင်တန်းနည်းပြဆရာ(၈)ဦးတို့မှ ဒီဇင်ဘာလ(၉)ရက်နေ့မှ (၁၈)ရက်နေ့အထိ (၁၀) ရက်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)