မအူပင်မြို့ရှိ စည်ပင်သာယာဈေးများ၌ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

မအူပင် ဒီဇင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မီးဘေးအန္တရာယ်လုံခြုံမှုရှိစေ‌ရန်အတွက် ယမန်နေ့နံနက်ပိုင်းက စည်ပင်သာယာဈေးများဖြစ်သည့် မြို့မဈေး၊ အောင်ရတနာဈေးနှင့် အောင်မင်္ဂလာဈေးများ၌ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးသည်။

အဆိုပါစစ်ဆေးမှုအား မအူပင်မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေး ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများ၊ ဈေးတာဝန်ခံများပူးပေါင်း၍ ဈေးမီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်းထားရှိမှု၊ မီးဘေးကြိုတင်ကာကွယ်ရေးစီမံချက်များ ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှုနှင့် သုံးစွဲမှု၊ မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများစနစ်တကျထားရှိသုံးစွဲမှု၊ ရေသိုလှောင်ထားရှိမှုနှင့် ဈေးပတ်ဝန်းကျင် မီးဘေးအန္တရာယ်အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)