ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပဏာမကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြခံတိုင်းရင်းဆေးပညာပေးသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟားခါး ဒီဇင်ဘာ ၁၉

ချင်းပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ဟားခါးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံတိုင်းရင်းဆေးပညာသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၈ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား ၊ သင်တန်းသူများ တက်ရောက် ကြသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က မြန်မာ့တိုင်းရင်းဆေးပညာဆိုတာ ပတ်ဝန်းကျင်မှာရှိသည့် သဘာဝရေမြေ၊ တောတောင်၊ ဒေသအလိုက်ဖြစ်ပေါ်နေသည့် ရာသီဥတုအရ ပေါက်ရောက်ထွက်ရှိသော စားပင်၊ ဆေးဝင်ပင်တို့ကိုအခြေခံ၍ ကုထုံးနှင့်ဆေးပင်များ ကွဲပြားမှုရှိသော်လည်း အခြေခံသဘောတရား အတူတူပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ဒေသအသီးသီးမှာရှိသည့် ဆေးပညာများသည် အခြေခံပညာရပ်အမျိုးမျိုး၊ ဆေးကျမ်း အဖုံဖုံ၊ ကုထုံးနည်းအသွယ်သွယ်၊ အာနိသင်အရပ်ရပ်တို့ဖြင့် ပြည့်စုံကုံလုံပြီး ကျယ်ဝန်း နက်ရှိုင်း သိမ်မွေ့နက်နဲလှသည့် ပညာရပ်တစ်ခုဖြစ်သည့်အတွက် စနစ်တကျထိန်းသိမ်းစောင့်ရှောက်မြှင့်တင်နိုင်မှ ရည်ရှည်တည်တံ့ထွန်းကားပြန့်ပွားနိုင်မည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွင်းနေထိုင်ကြသည့် ပြည်သူလူထုအားလုံး တိုင်းရင်းဆေးပညာ အခြေခံသဘောတရားများကိုနားလည် သဘောပေါက်မည်ဆိုပါက မိမိနှင့်မိမိတို့ပတ်ဝန်းကျင်၌ ကျန်းမာရေးစောင့်ရှောက်ရာတွင် အထောက်အကူဖြစ်စေမည်ဟု ယူဆပါကြောင်းနှင့် သင်တန်းတက်ရောက်နေကြသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိရောက်ရှိသည့်ဒေသတွင် သင်တန်းမှာရရှိလာသည့် တိုင်းရင်းဆေးအခြေခံဖြင့် မိမိတို့ ပတ်ဝန်းကျင်ကို ကျန်းမာရေးစောင့်ရှောက်မှုပြုပေးကြပါရန် တိုက်တွန်းကြောင်း အမှာစကား ပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြ ချင်းပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်နီနီခိုင်က သင်တန်းဖွင့်လှစ်မှုအခြေအနေကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းတွင် ပထမ၊ ဒုတိယနှင့်တတိယရရှိသည့် ထူးချွန်သင်တန်းသားများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်က သင်တန်းနည်းပြ ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးအားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်က သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအားလည်းကောင်း ဂုဏ်ပြုဆုနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသူများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)