မုံရွာ ဒီဇင်ဘာ ၁၉
တိုင်းဒေသကြီးအတွင်း စားသုံးဆီနှင့်စက်သုံးဆီ သယ်ယူရောင်းချမှု ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စားသုံးဆီ၊ စက်သုံးဆီလုပ်ငန်းရှင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း စားသုံးဆီနှင့်စက်သုံးဆီများ သယ်ယူရောင်းချမှုနှင့် ဈေးနှုန်းမှန်ကန်တည်ငြိမ်ရေး၊ ရောက်ရှိလာသည့် စားသုံးဆီ၊ စက်သုံးဆီများအား ဖြန့်ခွဲမှုစနစ်တကျရှိစေရေး၊ ကောလာဟလသတင်းများနှင့် ဖြစ်ပေါ်နေသည့်အခြေအနေအရပ်ရပ်တွင် ပြည်သူများယုံမှားကာအခက်အခဲအကျပ်အတည်းများ မဖြစ်ပေါ်စေရေးနှင့် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တာဝန်ကျေပွန်လိုစိတ်ဖြင့် လုပ်ငန်းရှင်များနှင့်ပူးပေါင်းကာ အကောင်းဆုံး ဖြည့်ဆည်းစီမံဆောင်ရွက်ပေးလိုသည့်အတွက် ယခုအစည်းအဝေးအား ကျင်းပရခြင်းဖြစ်ပါကြောင်း၊ စားသုံးဆီနှင့်စက်သုံးဆီများအား သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းနှင့်အညီ တင်သွင်းစေခြင်း၊ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြစ်စေရေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ အခွန်အခများ၊ ငွေလဲနှုန်းများပါမကျန် စနစ်တကျထည့်သွင်းတွက်ချက်ပြီး အခြေခံရည်ညွှန်းဈေးများ ထုတ်ပြန်ကာ တိုင်းဒေသကြီးနှင့်ပြည်နယ်မြို့များအလိုက် ဒေသအရောက်အရင်းဈေးနှုန်းများထုတ်ပြန်ပေးပြီး သင့်တင့်သည့်အမြတ်ရာခိုင်နှုန်း သတ်မှတ်ပေးထားပြီးဖြစ်သည့်အတွက် လုပ်ငန်းရှင်များမှ ပြည်သူများအား အရေအတွက်၊ အရည်အသွေး၊ ဈေးနှုန်းမှန်မှန်ကန်ကန် ရောင်းချပေးသွားကြရန်နှင့် တာဝန်ရှိသူများမှလည်း မြေပြင်အထိကွင်းဆင်းကြီးကြပ် စီမံဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ စားသုံးဆီသယ်ယူဖြန့်ဝေပေးနေမှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ စက်သုံးဆီသယ်ယူဖြန့်ဝေပေးနေမှုအခြေအနေများအားလည်းကောင်း ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း စားသုံးဆီခွဲဝေဖြန့်ဖြူးရောင်းချပေးနေမှုများအား လည်းကောင်း၊ တိုင်းဒေသကြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း စက်သုံးဆီခွဲဝေဖြန့်ဖြူးရောင်းချပေးနေမှုများအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် စားသုံးဆီ၊ စက်သုံးဆီလုပ်ငန်းရှင်များနှင့်တာဝန်ခံများမှ စားသုံးဆီ၊ စက်သုံးဆီများ ခွဲဝေရရှိမှုနှင့်ပြည်သူများသို့ ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချပေးနေမှုများနှင့် ဖြည့်ဆည်းပေါင်းစပ်ပေးရန် လိုအပ်မှုအခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၌ စားသုံးဆီ၊ စက်သုံးဆီခွဲဝေရောက်ရှိမှု အခြေအနေများနှင့် ပြည်သူများသို့ရောင်းချပေးနေမှု အခြေအနေများ အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း စားသုံးဆီနှင့်စက်သုံးဆီသယ်ယူရောင်းချမှုအခြေအနေများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့တက်ရောက်လာသူများ၏ အသီးသီးအကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်