စစ်ကိုင်း ဒီဇင်ဘာ ၁၈
စစ်ကိုင်းတောင်ရိုးရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)တွင် IBEC-KBU Buddhist University ၏ ဒုတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားနှင့် သုတေသနစာတမ်းဖတ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က အဆိုပါကျောင်း ပရိယတ္တိရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)ပဓာနနာယကဆရာတော် ဦးသောဘိတက ဒုတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့များ ပေးအပ်ချီးမြှင့်မည့် အစီအစဉ်များ၊ သုတေသနစာတမ်းဖတ်ပွဲတွင် စာတမ်းရှင်များက စာတမ်းဖတ်ကြားမည့် အစီအစဉ်များနှင့် သြဝါဒကထာများ မြွတ်ကြားတော်မူခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် ဌာနဆိုင်ရာများက ဒုတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားနှင့် သုတေသနစာတမ်းဖတ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခမ်းအနားပြင်ဆင်ရေး၊ ဆရာတော်ကြီးများ သီတင်းသုံးတည်းခိုရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် သတင်းထုတ်ပြန်ရေးလုပ်ငန်းကို ဌာနအလိုက် ဆောင်ရွက်သွားမည့် အစီအစဉ်များအား လျှောက်ထားခဲ့ကြပြီး ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပမည့် ခန်းမဆောင်အား ကြည့်ရှုခဲ့ကြသည်။
စစ်ကိုင်းတောင်ရိုးရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)တွင် IBEC-KBU Buddhist University ၏ ဒုတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားနှင့် သုတေသနစာတမ်း ဖတ်ပွဲတွင် ဆရာတော်တစ်ပါးနှင့် လူပုဂ္ဂိုလ်(၆)ဦးတို့အား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်ချီးမြှင့်၍ စာတမ်းရှင်(၁၄)ဦးက သုတေသနစာတမ်းများကို ဖတ်ကြားဆွေးနွေးကြမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၊ နီပေါနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့မှ ဆရာတော်ကြီးများ တက်ရောက်ချီးမြှင့်တော်မူကြမည်ဖြစ်ကြောင်း သိရ သည်။
ဇော်မြင့်နိုင်