ပွင့်ဖြူမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပွင့်ဖြူ ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ဒေသတွင်းရှိ ကျေးလက်နေပြည်သူများ ရာသီမရွေး သွားလာရေးအဆင်ပြေစေရန်အတွက် ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေတို့ဖြင့် လမ်း/တံတားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ဒီဇင်ဘာ ၁၆ ရက်နေ့က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နေပြည်တော်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးလှခိုင်သည် ခရိုင်နှင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ တာဝန်ရှိသူများလိုက်ပါ၍ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ပွင့်ဖြူမြို့နယ် လယ်ကိုင်း- ရွှေလှေ - ထနောင်းကုန်း ကျေးရွာချင်းဆက်လမ်း အရှည် ၄ မိုင် ၊ ၂ ဖာလုံအား လမ်းအကျယ်  5.48 m ၊ လမ်းအမြင့်ထု 200 mm မြေနီလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် ယင်း ကျေးရွာချင်းဆက်လမ်းပေါ်တွင် တည်ဆောက်ပြီးစီးသည့် ကျောက်ကြီးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ခင်းခြင်းအမျိုးအစား အကျယ်အဝန်း (၁၀'×၁၀×'၂၄') Box Culvert  တံတား (၁)စင်း တည်ဆောက်ပြီးစီးမှုနှင့် အကျယ်အဝန်း (၅'××'၂၄') Box Culvert  တံတား (၁)စင်း တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်ရန်ကျန်ရှိနေသော လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် ပွင့်ဖြူမြို့နယ် သရက်အုပ် - ညောင်ကုန်း ကျေးရွာချင်းဆက်လမ်းအရှည် (၃)ဖာလုံအား ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် 50mm - 100mm ခွဲကျောက်အသုံးပြု၍ လမ်းအကျယ် (4.88 m)၊ ထုအခြေခံလွှာ (150 mm) ခင်းခြင်း၊ (4.27m) အကျယ် လမ်းအမြင့်ထု(175 mm) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် တိုင်းဒေသကြီး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ရွာခိုင် - ကျွဲတိ - ကန်ပြည့် ကျေးရွာချင်းဆက်လမ်း အရှည်(၁)မိုင်အား အကျယ်(3.66m)၊ ထု (150mm,150mm,75mm) ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းနှင့် ထု(225mm) အမာခံလမ်းပုခုံးခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများ ရေရှည်သွားလာအသုံးပြုနိုင်ရေးအတွက် လုပ်ငန်းအရည်အသွေး ပြည့်မီစေရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံကျေးလက်နေပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးလက်လမ်း/တံတား တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် လယ်ကိုင်း - ရွှေလှေ - ထနောင်းကုန်း ကျေးရွာချင်းဆက် မြေနီလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၁၈၂ ဒဿမ ၉၄၄ သန်းဖြင့် သုခလျှံကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာချင်းဆက်လမ်းပေါ်တွင် ခွင့်ပြုရန်ပုံငွေ ၁၈ ဒဿမ ၃၄ သန်းဖြင့် အကျယ်အဝန်း (၁၀'×၁၀×'၂၄') Box Culvert  တံတား(၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် ခွင့်ပြုရန်ပုံငွေ ၉ ဒဿမ ၇၉ သန်းဖြင့် အကျယ်အဝန်း (၅'××'၂၄') Box Culvert  တံတား(၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ငွေကြယ်မင်းကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ကြောင်း၊ အလားတူ ပွင့်ဖြူမြို့နယ် သရက်အုပ် - ညောင်ကုန်း ကျေးရွာချင်းဆက်လမ်း အရှည် (၃)ဖာလုံ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၁၃၉ ဒဿမ ၅၀ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး ရွာခိုင် - ကျွဲတိ - ကန်ပြည့် ကျေးရွာချင်းဆက်လမ်း အရှည်(၁)မိုင် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ၂၈၄ ဒဿမ ၉၇၂ သန်းဖြင့် ဘုန်းမြတ်ကျော်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရပြီး လုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အချိန်မီ ဆောင်ရွက်ပြီးစီးရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )