မြဝတီမြို့၌ တစ်လမ်းမောင်းစနစ် သတ်မှတ်ထားရှိမှုနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပေးကြေညာ

မြဝတီ ဒီဇင်ဘာ ၁၈

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း နေ့စဉ်ခရီးသွားလုပ်သားပြည်သူများအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုများ  မဖြစ်ပေါ်စေရေးအတွက် မြဝတီခရိုင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့၏ အစီအမံဖြင့် တစ်လမ်းမောင်းစနစ် သတ်မှတ်ဖော်ဆောင်ခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပေးကြေညာခြင်းကို ဒီဇင်ဘာ ၁၆ ရက်နေ့မှ စတင်ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အမှတ် (၇၃)  ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး  ဒုတိယရဲမှူး  အောင်လင်းဌေး ကြီးကြပ်ပေးကာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့်မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေး အထောက်အကူပြုဆပ်ကော်မတီအဖွဲ့တို့က တစ်လမ်းမောင်းစနစ် သတ်မှတ်ထားသည့် သောင်ရင်းလမ်း၊ ယောမင်းကြီးလမ်း၊ ပြည်ခိုင်ဖြိုးလမ်း၊ စစ်မှုထမ်းဟောင်းလမ်းနှင့် ရွှေမြင်းဝန်ဘုရား မြောက်ဘက်မုခ်ဝလမ်းတို့အား သတ်မှတ်ယာဉ်ကြောအတိုင်း မောင်းနှင်ကြရေး လမ်းညွှန်ဆောင်ရွက်ပေးပြီး ပညာပေးကာလအနေဖြင့် ဒီဇင်ဘာ ၁၆ မှ ၂၁ ရက်နေ့အထိ ရက်သတ္တပတ်တစ်ပတ် သတ်မှတ်ထားသည်။

ထို့အတူ မြဝတီမြို့နယ်အတွင်း ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် နေအိမ်ရှေ့၊ ဆိုင်ရှေ့မျက်နှာစာများတွင် မော်တော်ယာဉ်များရပ်နားမည်ဆိုပါက လမ်းဘေးညာဘက်ကပ်လျက် ယာဉ်ကြောတစ်ထပ်တည်းသာ ရပ်နားရမည်ဖြစ်ပြီး ယာဉ်နှစ်ထပ်ရပ်နားခြင်း၊ လမ်းဒေါင့်/ လမ်းကွေ့နေရာများ၌ ယာဉ်များ ရပ်နားထားခြင်း လုံးဝမပြုလုပ်ကြရန်နှင့် စည်းကမ်းလိုက်နာခြင်းမရှိပါက မော်တော်ယာဉ် နည်းဥပဒေနှင့်ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ကို အသိပေးကြေညာထားကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)