ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်

မြောင်းမြ ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၊ မြကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့နံနက် (၁၁း၀၀) နာရီအချိန်က တက်ရောက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ​စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း၊ မြောင်းမြမှ ကျောင်းသား/သူများက "အလှပန်းအစဉ်ဖြာဝေ" တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး အလှူငွေ (၅) သိန်းကျပ်အားပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က လက်ခံရယူခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက အကအလှများဖြင့်ဖျော်ဖြေခဲ့ပြီး ပထပိုင်းအခမ်းအနားအစီအစဉ် အောင်မြင်စွာပြီးမြောက်ခဲ့သည်။ ဆက်လက်၍ မွန်းလွဲ (၂း၀၀) နာရီအချိန်တွင် ဌာနမှူးများ၊ ရုံးအဖွဲ့များနှင့် ပထမနှစ် ကျောင်းသား/သူများ section အလိုက်မိတ်ဆက်ခြင်း King နှင့် Queen ရွေးချယ်ခြင်း စသည့်အစီအစဉ်များအား ဒုတိယပိုင်း အခမ်းအနား အစီအစဉ်အနေဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)