ကျုံပျော်မြို့တွင် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဆင်းပွဲ ပြုလုပ်

ကျုံပျော် ဒီဇင်ဘာ ၁၈

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade-11 နှင့် Grade-12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၂)သင်တန်းဆင်းပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ယနေ့ နေ့လယ် ၁၂ နာရီခွဲက ပြုလုပ်သည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်ခင်ခင်နွယ်က ယခုသင်တန်းတက်ရောက်ပြီးသော ဆရာ၊ ဆရာမများသည် မိမိတို့ တာဝန်ထမ်းဆောင်ရာဒေသရှိ ကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများအား မိမိတို့လေ့လာမှတ်သားသင်ယူခဲ့သည့် ဥပဒေအသိပညာဗဟုသုတများကို ပြန်လည်ဆင့်ပွားပို့ချဆွေးနွေးပေးရမှာဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေခြင်းဖြစ်သဖြင့် ဥပဒေကို နိုင်ငံသားတိုင်း သိရှိနားလည်ထားမှသာ လူမှုဘဝမြှင့်တင်မှုများတွင် အကျိုးရှိစွာဆောင်ရွက်နိုင်မှာဖြစ်‌ကြောင်း၊ အလားတူ Grade-11နှင့် Grade- 12 အတန်းများတွင် ဥပဒေဘာသာရပ်ကို သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းပို့ချခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ဥပဒေဆိုင်ရာအခြေခံအသိအမြင်များ တိုးပွားလာပြီး နိုင်ငံတော်အတွက် အရည်အသွေးပြည့်ဝသည့် ထူးချွန်ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာမှာဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းသင်ယူပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်များအား တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်ခင်ခင်နွယ်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးခင်မောင်ထွေး၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်ခင်မေဝင်းနှင့် ကျုံပျော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းတို့က ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

အဆိုပါသင်တန်းကို ဒီဇင်ဘာ ၉ ရက်မှ ၁၈ ရက်နေ့အထိ ၁၀ ရက်ကြာ သင်ကြားပေးခဲ့ပြီး၊ ပုသိမ်ခရိုင်နှင့် ကျုံပျော်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ၊‌ ဆရာမ(၉၉)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)