ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဆပ်ပြာခဲပြုလုပ်နည်း သင်တန်းဖွင့်လှစ်

ထားဝယ် ဒီဇင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဝန်ထမ်းများအား အိမ်တွင်းမှုလုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင် လုပ်ကိုင်အသုံးပြုတတ်စေရန်အတွက် ဆပ်ပြာခဲပြုလုပ်နည်းသင်တန်းကို ယနေ့နံနက်ပိုင်းက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

သင်တန်းတွင် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်နိုင်က ဆပ်ပြာခဲပြုလုပ်နည်းသင်တန်းသည် မိသားစုအလိုက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်နည်းသင်တန်းလည်းဖြစ်ကြောင်း၊ ဆပ်ပြာခဲသည် မိသားစုတွင် မရှိမဖြစ် လိုအပ်သော လူသုံးကုန်ပစ္စည်းဖြစ်ကြောင်း၊ ဆပ်ပြာခဲပြုလုပ်နည်းအား စိတ်ပါဝင်စားစွာဖြင့် ကြိုးစား၍ သင်ယူမည်ဆိုပါက အခွင့်အလမ်းတစ်ခုဖြစ်လာနိုင်ကြောင်း၊ သေချာစွာလုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက အောင်မြင်လာနိုင်ကြောင်း၊ ဆပ်ပြာခဲပြုလုပ်နည်းပညာရပ်များကို နည်းပြများက လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နုက ဌာနမှဆောင်ရွက်လျက်ရှိသည့် အသိပညာပေးလုပ်ငန်းများ၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး သင်တန်းဖွင့်လှစ်နိုင်အောင် ကူညီဆောင်ရွက်ပေးသော အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအား ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ နည်းပြဒေါ်ဆုသက်ဌေးက ဆပ်ပြာခဲပြုလုပ်နည်းလုပ်ငန်းအဆင့်ဆင့်နှင့်  ထည့်သွင်းအသုံးပြုရမည့် ကုန်ကြမ်းပစ္စည်းများ၏ အချိုးအစားကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများနှင့်ဒေသခံပြည်သူစုစုပေါင်း (၁၅) ဦးအား ဆပ်ပြာခဲပြုလုပ်နည်း အဆင့်ဆင့် လက်တွေ့ဆောင်ရွက်ပြသခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ်