ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ

ဘားအံ ဒီဇင်ဘာ ၁၈

ဒေသတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ယနေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် အခြေခံအကျဆုံးအဖွဲ့အစည်းဖြစ်ပြီး တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်၍ စိတ်စေတနာထားကာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြစေလိုကြောင်း၊ မကြာမီတက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုကြတော့မည်ဖြစ်သည့်အတွက် အောင်ချက်ကောင်းမွန်ရေးဆောင်ရွက်ရာတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ စားရေရိက္ခာဖူလုံပိုလျှံစေရန် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးတက်စိုက်ပျိုးထုတ်လုပ်ရန်လိုကြောင်း၊ ဒေသတွင်းစီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ရန်နှင့် ပူးပြင်းခြောက်သွေ့သည့် နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်တို့က ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လမ်း၊ တံတား၊ ရေရရှိရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဆိုင်ရာများ၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မြစ်ရေတင်ဖြင့် စိုက်ပျိုးသီးနှံများရေရှိရေးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)