မင်းဘူး ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် တောင်မန်းကျေးရွာအုပ်စု၊ တောင်မန်းခေတ်မီစံပြကျေးရွာ ဘက်စုံသုံးခန်းမတွင် ယမန်နေ့က ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော (နေရာဒေသ)ကျေးရွာဆု ချီးမြှင့်ခြင်းဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက "ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာ ဆုချီးမြှင့်ခြင်းဆိုင်ရာ သိကောင်းစရာများ"နှင့် "မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်း သိကောင်းစရာများ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကိုက တောမီးလောင်ကျွမ်းမှုနှင့် ဖြစ်ပေါ်စေသော အကြောင်းအရာများကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဒေါ်အေးမြင့်မြတ်ကိုက "မြို့ပြမှထွက်ရှိသော အမှိုက်များ(သို့မဟုတ်) နေအိမ်များမှ ထွက်ရှိသော စွန့်ပစ်အမှိုက်များ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယလက်ထောက်ဦးစီးမှူး ဦးစိုင်းကျော်သူက "ရေချွေတာသုံးစွဲရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများက ဟောပြောပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူ ၁၅၀ ဦးကို မမြင်နိုင်သော လူသတ်သမား PM.2.5 အန္တရာယ်အသိပညာပေး video clip ပြသပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )