ကျွန်းလှ ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မျိုးကောင်းမျိုးသန့်စပါး ရရှိရန်အတွက် မိုးစပါးခေါင်နှံကောက်၍ မျိုးသန့်ရွေးချယ် သိမ်းဆည်းခြင်းကွင်းသရုပ်ပြကို ယနေ့နံနက် ၉ နာရီက မန်ကျည်းအင်းကျေးရွာ၊ ကွင်းအမှတ် (၂၉၁)၊ တောင်သူ ဦးတင်ဌေးဝင်း၏ ဧရာမင်းစပါးမျိုး မ (၅) ဧက၌ ကျင်းပသည်။
“ခေါင်နှံကောက်ပြီး မျိုးသန့်ရွေးချယ်ရန်အတွက် ပျိုးထောင်၊ စိုက်နည်းစနစ်နဲ့ မျိုးကွဲနုတ်ပယ်ရွေးချယ်ခြင်း မှန်ကန်ဖို့လိုပါတယ်။ မျိုးအဖြစ် ခေါင်နှံသိမ်းဆည်းရာမှာ ရိတ်သိမ်းခါနီး စပါးခင်းမှ ခေါင်နှံ (၅၀၀) ကိုဖြတ်ယူပြီး အလံရွက်များဖယ်ရှား၍ ကြိုးစည်းအခြောက်လှန်းထားရပါတယ်။ ခေါင်နှံ (၅၀၀) မှ အရွယ်အစားအကြီးဆုံး၊ အစေ့အများဆုံး၊ ရောဂါအကင်းဆုံး ခေါင်နှံ (၂၅၀)ကို ထပ်မံရွေးချယ်ခြင်းဖြင့် မျိုးသန့်စပါးမျိုး ရရှိမည်ဖြစ်ပါတယ်” ဟု မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများက ခေါင်နှံကောက်၍ မျိုးသန့်ရွေးချယ်ခြင်း လက်တွေ့ပြသကြပြီး ဒေသခံတောင်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ၃၄၀၉၈ ဧက စိုက်ပျိုးပြီး မျိုးစေ့ထုတ်ကွက်အဖြစ် ဧက ၁၃၀ စိုက်ပျိုးထားကြောင်း၊ ယခုအခါ ၂၃၀၇၁ ဧက ရိတ်သိမ်းချွေလှေ့ပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ