ကော့သောင်း ဒီဇင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့နံနက် (၁၁) နာရီခန့်က တနင်္သာတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာအုပ်စု၊ ပါဆယ်ပါညန်းကြေးတိုင်ပြင်ကွင်း၊ ကွင်းအမှတ် (၂၀/OSS)၊ မြေကွက်အမှတ် (N-၃၁၃)၊ မြေဧရိယာ (၃၇.၂၃) ဧကပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Solar နည်းပညာဖြင့် (၁၀) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်းနေရာသို့ သွားရောက်ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ပြည်သူလူထုအနေဖြင့် လျှပ်စစ်ဓာတ်အားခ သက်သာစေရန်နှင့် စဉ်ဆက်မပြတ် လျှပ်စစ်ဓာတ်အားရရှိစေရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့ကျစေရန် ရည်ရွယ်၍ အဆိုပါ Solar နည်းပညာဖြင့် (၁၀) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းကို Southern Coastline Group Co.,Ltd မှ ၂၀၂၃ ခုနှစ် မတ်လတွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ကြပြီး ၂၀၂၅ ခုနှစ် မတ်လတွင် ပြည်သူများထံသို့ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ အဆိုပါစီမံကိန်းတွင် အအေးခန်းစက်ရုံနှင့် ရေခဲစက်များ ထည့်သွင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)