ကော့သောင်း ဒီဇင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း (၉) နာရီခွဲက ကော့သောင်းမြို့၊ အ.ထ.က (ခွဲ) အ.လ.က (၂) ကျောင်း ခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးမှတာဝန်ရှိသူများ၊ စစ်ဗျူဟာအဖွဲ့အခြေချ (ကော့သောင်း) မှ ဗိုလ်မှူးကြီး အောင်ကိုလတ်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် အ.ထ.က (ခွဲ) အ.လ.က (၂) ကျောင်းမှ ကျောင်းသား/ ကျောင်းသူများက ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့ သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။ ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြည်သူများ မှန်ကန်သည့် အသိဉာဏ်ဗဟုသုတများ တိုးပွားစေရန်အတွက် စာဖတ်ကြရန်၊ စာဖတ်နိုင်သောပတ်ဝန်းကျင်ကောင်းများ ဖန်တီးကြရန် နိုင်ငံတော်က အစဉ်အမြဲဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်၏ အနာဂတ်ကို အသိပညာပြည့်ဝသည့် လူငယ်များနှင့် တည်ဆောက်ကြမည်ဆိုပါက ကမ္ဘာ့အလယ်၌ နိုင်ငံတကာကို ရင်ဘောင်တန်းနိုင်မည်ဖြစ်ကြောင်း၊ ယနေ့ခေတ်လူငယ်များ၏ဘဝသည် အလွန်အရေးကြီးပြီး ပြုစုပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊ တိုင်းပြည်၏ စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများက ကျောင်းစာကြည့်တိုက်များကို အသုံးချတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ဆရာ၊ ဆရာမများက ဆောင်ရွက်ပေးကြရန်နှင့် အားလပ်ချိန်တွင် ကျောင်းစာကြည့်တိုက်၌ စာဖတ်သည့်အလေ့အထရရှိအောင် လေ့ကျင့်ပေးကြရန် လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သော အ.ထ.က (ခွဲ) အ.လ.က (၂) ဘင်ခရာဝတ်စုံစရိတ် (၃၅) သိန်းနှင့် လေ့ကျင့်ဝတ်စုံစရိတ် (၃) သိန်း (၄) သောင်း စုစုပေါင်းငွေကျပ် (၃၈၄၀၀၀၀/-) အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ကျောင်းအုပ်ဆရာကြီးထံ ချီးမြှင့်ပေးအပ်သည်။ ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ပွဲတော်၌ ကျင်းပပြုလုပ်ခဲ့သည့် ပြိုင်ပွဲအသီးသီးမှ ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုနှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီးကလက်ခံရယူခဲ့ပြီးကျပန်းပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲတို့မှ ပထမဆုရရှိသော ကျောင်းသူလေးများက ပြိုင်ပွဲဝင်ခေါင်းစဉ်များဖြင့် ပြန်လည်သရုပ်ပြပြီး ကျောင်းသား၊ ကျောင်းသူလေးများက အသိအမြင်တိုးစေဖို့ ပညာဘဏ်တိုက်သွားကြစို့ သီချင်းဖြင့်သီဆို၍ အခမ်းအနားအား ရုပ်သိမ်းကာ ဆုရရှိသောကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)