ပေါင်းတည် ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ယမန်နေ့ နေ့လယ်ပိုင်းတွင် အခြေခံပညာမူလတန်းကျောင်း (တောင်လွဲကျေးရွာ) သို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူလေးများအား နွားနို့အာဟာရတိုက်ကျွေးခဲ့ကြသည်။
ထိုအခြေခံပညာမူလတန်းကျောင်းများသို့ ကွင်းဆင်းကာ အာဟာရနွားနို့တိုက်ကျွေးကြရာ၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာသင်းသင်းခိုင်ဦးဆောင်၍ ဝန်ထမ်းများနှင့်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်း၍လည်းကောင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး အဆိုပါခြံထွက်နွားနို့စစ်စစ်ကို ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများ သောက်သုံးခြင်းအားဖြင့် ကာယဉာဏဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ တိုက်ကျွေးခြင်းဖြစ်ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍမှ ထုတ်ကုန်တိုးတက်ရေး၊ လူမှုဘဝများ ပိုမိုဖွံ့ဖြိုးလာစေရေးနှင့် နို့စားနွားကောင်ရေ ပိုမိုတိုးချဲ့မွေးမြူနိုင်ရေးတို့အတွက် တစ်နိုင်တစ်ပိုင်နှင့် စီးပွားဖြစ်မွေးမြူသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက်)