ပေါက်ခေါင်းမြို့ မြို့မစည်ပင်သာယာဈေးကြီးအတွင်း မီးငြှိမ်းသတ်နည်းလက်‌တွေ့သရုပ်ပြ၍ မီးဘေးလုံခြုံရေးကြည့်ရှုစစ်ဆေး

ပေါက်ခေါင်း ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့မစည်ပင်သာယာစျေးကြီးအတွင်း မီးငြှိမ်းသတ်နည်းလက်တွေ့သရုပ်ပြခြင်း၊ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ်ရုံးတို့မှ တာဝန်ရှိသူများက ယမန်နေ့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဦးစွာမီးသတ်ဦးစီးဌာနမှရေစိုအဝတ်ဖြင့် မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းတို့ကို ဈေးသူဈေးသားများအား လက်တွေ့သရုပ်ပြသသည်။ ဆက်လက်၍ မီးဘေးလုံခြုံရေးစစ်ဆေးရာတွင် ဈေးအတွင်းတပ်ဆင်အသုံးပြုသည့် လျှပ်စစ်မီတာနှင့် ဝါယာကြိုးများ စနစ်တကျတပ်ဆင်ထားရှိမှုရှိမရှိ၊ မီးဘေးအန္တရာယ်ကျရောက်ခဲ့ပါက လျင်မြန်စွာ အသုံးပြုနိုင်သည့် မီးသတ်ဆေးဘူးများ စနစ်တကျထားရှိမှုရှိမရှိ၊ ဈေးအတွင်းထားရှိသည့် မီးသတ်ရေစင်များ၊ စက်ပစ္စည်းများ၊ မီးသတ်ပိုက်များအလွယ်တကူအသုံးပြုနိုင်ရေးနှင့် မီးချိတ်မီးကပ်၊ ရေပုံးများစီစဥ်ထားရှိမှု၊ ရေကန်များ ရေစဉ်ဆက်မပြတ်ရရှိအောင် ဆောင်ရွက်ထားရှိမှုစသည်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဈေးသူ၊ ဈေးသားများအား မီးသတ်ဆေးဘူးအသုံးပြုပုံပြသ၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)