ပဲခူးမြို့၌ မီးဘေးလုံခြုံရေးအထူးကျွမ်းကျင်မှု(ဆင့်ပွား)သင်တန်းအမှတ်စဉ်(၂/၂ဝ၂၄) သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်မီးသတ်ဦးစီးမှူးများအား မီးဘေးလုံခြုံရေးအထူးကျွမ်းကျင်မှု(ဆင့်ပွား)သင်တန်းအမှတ်စဉ်(/၂ဝ၂၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးညွှန်ကြားရေးမှူးဦးစောထွန်းက မီးဘေးလုံခြုံရေးအထူးကျွမ်းကျင်မှု(ဆင့်ပွား)သင်တန်းကို မီးသတ်တပ်ဖွဲ့ဝင်များ အနာဂတ်ကာလတွင် ရင်ဆိုင်ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုများအား ရင်ဆိုင်ကျော်လွှားနိုင်ရန်၊ တပ်ဖွဲ့အတွင်း Men Power Equipment Power များ တိုးတက်လာခြင်းနှင့်အညီ Technology Power ကိုပါ ဟန်ချက်ညီညီ စဉ်ဆက်မပြတ် တိုးတက်လာပြီး ဌာန၏ရည်မှန်းချက် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အထောက်အကူရရှိနိုင်စေရန်နှင့် တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းဆောင်ရည်များ စဉ်ဆက်မပြတ် တိုးတက်မြင့်မားနေစေရေးအတွက် နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသော ခေတ်မီမီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ နည်းပညာရပ်များအား စဉ်ဆက်မပြတ် လေ့လာသိရှိနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အဆိုပါ မီးဘေးလုံခြုံရေးအထူးကျွမ်းကျင်မှု(ဆင့်ပွား)သင်တန်းအား ဒီဇင်ဘာလ ၁၈ ရက်မှ ဒီဇင်ဘာလ ၂၀ ရက်နေ့ထိ စာတွေ့/လက်တွေ့ ဆွေးနွေးပို့ချသင်ကြားမည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိမြို့နယ်အသီးသီးမှ မီးသတ်ဦးစီးမှူး ၁၆ ဦး သင်တန်းတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)