သာယာဝတီမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

သာယာဝတီ ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးပြီး မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းနှင့် အသိပညာ‌ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် (၉) နာရီက  မြို့ပေါ်ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်လတ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များပူးပေါင်း၍ နေအိမ်များတွင် မီးကိုစနစ်တကျ အသုံးပြုကြရန်၊ ရှေးဦးမီးငြိမ်းသတ်ရေး ပစ္စည်းကိရိယာများနှင့် မီးသတ်ဆေးဘူးများ အသင့်ထားရှိနိုင်ရေး၊ လျှပ်စစ်သုံးစွဲရာတွင် ကောင်းမွန်သော ဝါယာကြိုးများ တပ်ဆင်အသုံးပြုနိုင်ရေး၊ မီးလောင်လွယ်သော အမှိုက်များအား ရှင်းလင်းဆောင်ရွက်နိုင်‌ရေးတို့ကိုစစ်ဆေး၍ မီးလောင်မှုများ မဖြစ်ပေါ်စေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို နေအိမ်များရှိ ပြည်သူများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး မီးဘေးလုံခြုံရေးလုပ်ငန်းများကို အလှည့်ကျ တစ်အိမ်/တက်ဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မီးသတ်ယာဥ်ဖြင့် အသိပေးနှိုးဆော်ခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြသခြင်းလုပ်ငန်းများကိုလည်း စဥ်ဆက်မပြတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)