ပြည်မြို့တွင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ကျန်းမာရေးဆိုင်ရာသုတေသနသတင်းအချက်အလက်များကောက်ယူ ဆောင်ရွက်

ပြည် ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ခရိုင်နှင့်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးဌာနမှတာဝန်ရှိသူများအဖွဲ့တို့ပူးပေါင်း၍ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ကျန်းမာရေးဆိုင်ရာသုတေသနသတင်းအချက်အလက်များကောက်ယူခြင်း‌ကို ဒီဇင်ဘာလ ၁၇ ရက်၊ ယမန်နေ့နံနက်ပိုင်းက ခေတ္တရာမြို့သစ်ရပ်ကွက်(၁၁)လမ်းထိပ်ရှိ ပြည်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်း၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးသန့်၊ ပြည်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးခိုင်နှင့်အသင်းဝင်များက သတင်းအချက်အလက်များကောက်ယူမှုအတွက် ဖိတ်ခေါ်ထားသော ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား ကျန်းမာရေးအသိပညာပေး ဆွေးနွေးဟောပြောပြီး သတင်းအချက်အလက်များကောက်ယူခြင်းနှင့်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။

ယင်းနောက် ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အသင်းဝင်များက အဆိုပါသတင်းအချက်အလက်ကောက်ယူရာတွင် ပူးပေါင်းပါဝင်ခဲ့သော ကိုယ်ဝန်ဆောင်မိခင်(၄၀)ဦး၊ နို့တိုက်မိခင်(၂၁)ဦး စုစုပေါင်း(၆၁)ဦးတို့အတွက် အိုင်အိုဒင်းဆား၊ ကြက်ဥ၊ အာဟာရဖြည့်အစားအစာများနှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)