မိုးညိုမြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနမှ ကျေးရွာများသို့ ကျန်းမာ‌ရေးစောင့်ရှောက်မှုများ ကွင်းဆင်း‌ဆောင်ရွက်

မိုးညို ဒီဇင်ဘာ ၁၈

ကျန်းမာရေးဝန်ကြီးဌာန၏ ကျေးလက်ဒေသအောက်‌ခြေထိ ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်း၊ ရောဂါဖြစ်ပွားလျှင် ထိ‌ရောက်စွာကုသမှုပေးခြင်း စသည့်ရည်မှန်းချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ထွဋ်မြတ် RHC ၊ လေးလံ SC နှင့် ပိုးစာကုန်းဘုန်းတော်ကြီးကျောင်းတို့၌ မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်း‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ကုသရေးဦးစီးဌာနမှူး၊  သွားနှင့်ခံတွင်းဆရာဝန်၊ ထိန်တောတိုက်နယ်ဆရာဝန်နှင့် ဦးစီးအရာရှိ(NCD)တို့က မကူးစက်တတ်သော ရောဂါများအကြောင်းနှင့် ကူးစက်တတ်သော ရောဂါများအကြောင်း၊ ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေး ရှင်းလင်းပြောကြားသည်။

ထို့‌နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး၏ ဦး‌‌ဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးလာရောက်ပြသသူများအား ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာ‌ပေးခြင်း၊ ဆီးချိုသွေးချိုတိုင်းတာ‌ပေးခြင်း၊ သွေးပေါင်ချိန်ခြင်းများ ပြုလုပ်‌ပေးပြီး လူကြီး(အထွေထွေ)လူနာ ကျား(၃၆)ဦး+မ(၇၃)ဦး၊ ကလေးလူနာ ကျား(၅)ဦး+မ(၄)ဦး၊ သွားနှင့်ခံတွင်းလူနာ ကျား(၄)ဦး၊ မ(၄)ဦး၊ စုစုပေါင်း(၁၂၆)ဦးတို့အား လိုအပ်သောဆေးဝါးနှင့် ကုသခြင်းများကို(အခမဲ့) စစ်ဆေးကုသ ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)