စလင်းမြို့နယ် တောင်သီတပ်ရပ်အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းအခြေပြု တီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းအစီအစဥ်များ ဆောင်ရွက်

စလင်း  ဒီဇင်ဘာ  ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ ပေါင်းနားရပ်ကွက်၊ တောင်သီတပ်အခြေခံပညာမူလတန်းကျောင်း၌ ကျန်းမာရေးဝန်ကြီးဌာန၏  အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေစစ်ဆေးခြင်းလုပ်ငန်းအစီအစဥ်အရ တီဘီရောဂါစစ်ဆေးရှာဖွေခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ လိုက်လံဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

ထိုသို့ တီဘီရောဂါကွင်းဆင်းရှာဖွေစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးတင်စိုးကဦးဆောင်၍ ကျန်းမာရေးဆရာမ ဒေါ်စိမ်းမို့မို့၊ ကျန်းမာရေးဆရာမ ဒေါ်သင်းသင်းမော်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန တီဘီရောဂါတိုက်ဖျက်ရေးဌာနတို့ပူးပေါင်း၍ ကျောင်းအခြေပြု တီဘီရောဂါရှာဖွေဖော်ထုတ်ခြင်းအစီအစဥ်၌ အခြေခံပညာမူလတန်းကျောင်းမှ Grade-4 ကျောင်းသား/ ကျောင်းသူများနှင့် Grade-5 ကျောင်းသား/ ကျောင်းသူကလေးငယ်များအား တီဘီရောဂါအား သတိပြုဆင်ခြင်နိုင်ပြီး  ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများအား  ကျန်းမာရေးဆရာမ ဒေါ်စိမ်းမို့မို့နှင့်  ဒေါ်သင်းသင်းမော်တို့က ဟောပြောဆွေးနွေးခဲ့ကာ  ကျန်းမာရေးမှူးနှင့်  ကျန်းမာရေးဆရာ၊ ဆရာမများက ရောဂါရှာဖွေစစ်ဆေးခြင်းများကို  ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား တီဘီရောဂါစစ်ဆေးပေးခြင်းကို စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး၌ လိုက်လံ၍ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း  စလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

(မောင်လွင်)စလင်း