တိုင်းဒေသကြီးဝန်ကြီးချုပ် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမိဿဟာရအဖွဲ့ ဝတ်ပြုကိုးကွယ်ခြင်း အခမ်းအနား၊ ပညာပျိုးပင်စာကြည့်တိုက်ဖွင့်ပွဲနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(မြောင်းမြ) မောင်မယ်သစ်လွင်ကြိုဆိုပွဲ တက်ရောက်

ပုသိမ် ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ခရစ်ယာန်ဂိုဏ်းပေါင်းစုံမိဿဟာရအဖွဲ့ သခင်ယေရှုခရစ်တော်ဘုရား၏ မွေးနေ့တော်အကြို ဝတ်ပြုကိုးကွယ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြန်မာနှစ်ခြင်း ခရစ်ယာန်အသင်းတော်တွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများတက်ရောက်ခဲ့ကြသည်။

ဦးစွာ သဘာပတိကအစီအစဉ်ဖွင့်လှစ်ကြောင်းကြေညာခြင်း၊ ပဏာမကျမ်းဖတ်ကြားခြင်း၊ ကောင်းချီးမင်္ဂလာတောင်းခံခြင်းများပြုလုပ်ခဲ့ပြီးနောက် ပရိသတ်အားလုံးက ဓမ္မသီချင်းကျူးဧခြင်းများဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် သိက္ခာတော်ရဆရာနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့်မိတ်ဆက်ခြင်း၊ ဂုဏ်တော်ချီးမွမ်းကျူးဧခြင်း၊ သမ္မာကျမ်းစာဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ခရစ်ယာန်များအတွက် ခရစ်စမတ်နှုတ်ခွန်းဆက်စကားအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ ခရစ်စမတ်ဓမ္မဒေသနာကို ဂိုဏ်းအုပ်ဆရာတော်ကလည်းကောင်း ပြောကြားခဲ့ကာ ခရစ်စမတ်ဆုတောင်းမေတ္တာပို့သခြင်း၊ ကျေးဇူးတင်စကားပြောကြားခြင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ခရစ်စမတ်လက်ဆောင်များပေးအပ်ခြင်း၊ ဓမ္မသီချင်းဧကျူးခြင်းနှင့် ကောင်းချီးပေးခြင်းများဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မဒေါ့ပင်စံပြကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှလှူဒါန်းသည့် သိန်း(၁၅၀)၊ အလှူရှင်မှလှူဒါန်းငွေ(၄၂)သိန်း၊ စုစုပေါင်း ကျပ်(၁၉၂)သိန်းဖြင့် ဆောက်လုပ်သည့် “ပညာပျိုးပင်”စာကြည့်တိုက်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ စာကြည့်တိုက်အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ပညာပျိုးပင်”စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကိုလည်းကောင်း၊ မဒေါ့ပင်စံပြကျေးရွာ ရွှေပြည်အောင်ကျောင်းတိုက် ဆရာတော်က စာအုပ်စာစောင်၊ ပရိဘောဂနှင့် ဆိုလာပြားများကိုလည်းကောင်း၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက IT နှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စာကြည့်တိုက်အား ရေရှည်တည်တံ့အောင်ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရေး၊ စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်စာပေများစုံလင်စွာထားရှိရေးနှင့် ကျေးလက်နေပြည်သူများအတွက် အဓိကလိုအပ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်သက်ဆိုင်သည့် စာအုပ်စာစောင်များကိုလည်း ပြည့်စုံစွာထားရှိရေး၊ မှတ်တမ်းများစနစ်တကျထားရှိစေရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(မြောင်းမြ) မြကျွန်းရွှေဝါခန်းမ၌ ပြုလုပ်သည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက “အလှပန်းအစဉ်ဖြာဝေ”တေးသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပထမနှစ်ကျောင်းသား၊ ကျောင်းသူများနှင့် မိတ်ဆက်တင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွက် အားထားရပြီး အလယ်အလတ်အဆင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရှင်များဖြစ်လာမည့် မောင်တို့မယ်တို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်ကြိုဆိုဂုဏ်ပြုပါကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးသည်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသော တိုင်းဒေသကြီးဖြစ်ပါကြောင်းနှင့် စိုက်ပျိုးရေးတွင် စံပြတိုင်းဒေသကြီးဖြစ်အောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိကသီးနှံကြီး(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အလယ်အလတ်အဆင့်ပညာရှင်များဖြစ်လာမည့် မောင်တို့မယ်တို့သည် ကျောင်းတော်ကြီးမှသင်ကြားပေးသည့်ပညာရပ်များဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား လက်တွေ့လုပ်ကိုင်ဆောင်ရွက် ကြရမည့်သူများဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအား၊ သီးနှံစိုက်စွမ်းအားတိုးတက်စေရေးကြိုးပမ်းဆောင်ရွက်ရာတွင် မောင်တို့မယ်တို့၏အင်အားများ များစွာလိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ရေးအတွက် အားလုံးကတာဝန်ရှိသည်ဟုခံယူ၍ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးရေးတွင် ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်းကို အခြေခံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မောင်မယ်တို့သည် ခေတ်မီသည့်စိုက်ပျိုးရေးနည်းပညာများကို တောင်သူများထံသို့အရောက် ဖြန့်ဝေပေးကြရမည်ဖြစ်ပြီး တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေး မြှင့်တင်ဆောင်ရွက် ပေးကြရမည့်သူများလည်းဖြစ်ပါကြောင်း၊ မောင်မယ်တို့အနေဖြင့် ပညာသင်စဉ်ကာလတစ်လျှောက် ကျောင်းတော်ကြီးမှချမှတ်ထားသော စည်းကမ်းများကို တိကျစွာလေးစားလိုက်နာကြပြီး ပညာထူးချွန်၍ နိုင်ငံတော်အတွက်အားထားရသော စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရှင်များ ဖြစ်လာစေရေးကြိုးစားကြရန်လိုပါကြောင်း” ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြေကြားပြီး ပညာရည်ချွန်ဆုများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(မြောင်းမြ)သို့ ပထမနှစ်တွင် ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ၊ ဟင်္သာတ၊ မြန်အောင်၊ ကျုံပျော်၊ လပွတ္တာ၊ ရန်ကုန်(မင်္ဂလာဒုံ)(ကွမ်းခြံကုန်း)၊ ပဲခူး(ကြို့ပင်ကောက်) တို့မှ ကျောင်းသား၊ ကျောင်းသူ ၁၅၅ဦး တက်ရောက်လျက်ရှိပြီး ဒုတိယနှစ်တွင် ကျောင်းသား၊ ကျောင်းသူ ၉၉ဦးနှင့် တတိယနှစ်တွင် ကျောင်းသား၊ ကျောင်းသူ ၁၆၄ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၄၁၈ ဦးတက်ရောက်လျက်ရှိကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)