ပေါင်းတည်၌ မတ်ပဲနှင့် ဆောင်းသီးနှံပဲမျိုးစုံ ဧကပေါင်း ၆၁၀၀၀ ကျော် စိုက်ပျိုးပြီးစီး

ပေါင်းတည် ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအလယ်အထိ မတ်ပဲနှင့် ပဲမျိုးစုံ ဧကစုစုပေါင်း ၆၁၇၆၁ ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့မှ သိရသည်။

ယခုနှစ်တွင် မြို့နယ်အတွင်း သီးထပ်စွမ်းအားနှင့် စိုက်စွမ်းအားတိုးမြှင့်လျက်တောင်သူများ၏ အကျိုးစီးပွားနှင့်အတူ နိုင်ငံ့စီးပွားကို ထပ်တူမြှင့်တင်နိုင်ရေးတို့အတွက် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းများရရှိအောင် ကြိုးပမ်းစိုက်ပျိုးထုတ်လုပ်ကြရန် တောင်သူများအား မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့မှ လမ်းညွှန်မှာကြားထားခဲ့ကြောင်းနှင့် တောင်သူများသည် ပဲအထွက်နှုန်းကောင်းမွန်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ယနေ့အထိ မြို့နယ်အတွင်း တောင်သူများ၏ ဆောင်းသီးနှံစိုက်ပျိုးမှုများမှ ပဲမျိုးစုံစိုက်ပျိုးမှုတွင် ပဲတီစိမ်း ၉၇၃၁ ဧက၊မတ်ပဲ ၄၂၀၇၈ ဧက၊ ကုလားပဲ ၃၇၆၅ ဧက၊ ဘိုကိတ် ၁၅၄၇ ဧက၊ ပဲနောက် ၁၇၅၄ ဧကနှင့် ပဲကြီး၂၈၈၆ ဧကတို့ကို စိုက်ပျိုးပြီးစီး​လျက်ရှိကြောင်း သိရသည်။

ရွှေသား (ပြန်/ဆက်)