ဝေါ ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) အောက်ဝိုင်းပါတ်ကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) အောက်ဝိုင်းပါတ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်ထားဦးက အဖွင့်အမှာ စကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိမ္မာယဥ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချင်းချင်းအပြန်အလှန် ဆွေးနွေးတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်နှင့် စာအုပ်စာပေများကို ပိုမိုဖတ်ရှုလေ့လာနိုင်ကြစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက ပေါင်းဆက်ညှိနှိုင်းပေးသူအဖြစ်ဆောင်ရွက်ပေးပြီး၊ အ.လ.က (ခွဲ) အောက်ဝိုင်ကျောင်းမှ Grade(7) ကျောင်းသူ မအိပိုပိုဟန်က မျိုးဆက်သစ်လူငယ်များနှင့် အနာဂတ်တာဝန်ခေါင်းစဉ်ဖြင့်လည်းကောင်း ၊Grade(7) ကျောင်းသူ မအိဝေလွင်က လူငယ်နှင့် ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(9)ကျောင်းသူ မဂျူးအလင်္ကာချိုက အကြံကောင်းအကျင်းကောင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(7) ကျောင်းသူ မနှင်းဖွေးဖွေးက ပညာသည်သာအားကိုးရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(7) ကျောင်းသား မောင်ကျော်စွာဖြိုးက သိပ္ပံပညာ၏စွမ်းဆောင်နိုင်မှုများ၊ Grade(9) ကျောင်းသား မောင်ပြည့်စုံကျော်က စာအုပ်စာပေလူ့မိတ်ဆွေ စသည့်ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များနှင့် လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားကြကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)