ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ကြိမ်၊ ဝါး အခြေခံလက်မှုထည်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ

ပဲခူး ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ကြိမ်၊ ဝါး အခြေခံ လက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအား ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။         

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် ကြိမ်၊ ဝါး ပေါများစွာထွက်ရှိသည့် အရပ်ဒေသဖြစ်၍ သဘာဝထွက်ကုန်များအပေါ် အခြေခံကာ အသုံးအဆောင်ပစ္စည်းများစွာ ထုတ်လုပ်နိုင်သည့်အတွက် ဒေသတစ်ခုတည်းဈေးကွက်မဟုတ်ဘဲ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ကြိမ်၊ ဝါး အခြေခံသည့် အသုံးအဆောင်ပစ္စည်းများ ပြုလုပ်သည့်နည်းပညာကို တတ်မြောက်စေရန် ကျွမ်းကျင်သည့်လက်မှုပညာရှင်များဖိတ်ခေါ်၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်တတ်စေရန် သင်ကြားပေးသွားမည်ဖြစ်၍ ကြိုးစားစွာလေ့လာသင်ယူစေလိုကြောင်းနှင့် မိသားစုများ၏ လူမှုစီးပွားဘဝမြင့်မားစေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊ တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ဆောင်ရွက်နိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခုလို အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသူ/သားများအား သင်တန်းအထောက်အကူပြု လုပ်ငန်းသုံးပစ္စည်းများအားလည်းကောင်း၊ သင်တန်းနည်းပြအတွက် ဂုဏ်ပြုချီးမြှင့်ငွေအား လည်းကောင်းပေးအပ်ခဲ့သည်။ ၎င်းနောက် သင်တန်းနည်းပြတစ်ဦးက ကြိမ်၊ ဝါးအခြေခံ လက်မှုထည်ထုတ်လုပ်မှုနှင့် သင်ကြားပေးသွားမည့် သင်တန်းအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက သင်တန်းသား/သူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး သင်တန်းသား/သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းတွင် သင်ကြားပေးသွားမည့် လက်မှုအသုံးအဆောင်ပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများအား လှည်လည်ကြည်ရှုခဲ့ပြီး စားသုံးကုန်ထုတ်လုပ်သည့် သင်တန်းများလည်း ထပ်မံဖွင့်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဒေသခံပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် MSME လုပ်ငန်းများ တိုးပွားလာစေရေးအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းသင်တန်းများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယနေ့အထိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် (၁၃၉)ကြိမ်၊ သင်တန်းသား/သူ(၂၃၇၈)ဦးအား ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)