မြဝတီ ဒီဇင်ဘာ ၁၇
ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ၊ ပြည်သူတို့၏အသက် အိုးအိမ်စည်းစိမ်များ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဒီဇင်ဘာ ၁၆ ရက်ညပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် အမှတ်(၃) ရပ်ကွက်အတွင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်ဇင်ဟိန်း ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် ယခုအခါပွင့်လင်းရာသီကာလရောက်ရှိပြီးဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်သတိပြုကြစေလိုကြောင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် အိမ်တိုင်းတွင် မီးသတ်ဆေးဘူး၊ ရေပုံး၊ သဲအိတ်၊ မီးချိတ်၊ မီးကပ်များ အဆင့်သင့်ထားရှိရန်လိုကြောင်း၊ လျှပ်စစ်မီးသုံးစွဲရာတွင် လျှပ်စစ်ဝါယာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားနိုင်သောကြောင့် စစ်ဆေးမှုများ ပြုလုပ်ထားသင့်ကြောင်း၊ ရပ်ကွက်အတွင်း မီးလောင်လွယ်စေသော လောင်စာဆီများ သိုလှောင်ခြင်းမပြုကြစေလိုကြောင်း၊ ထင်း/မီးသွေးများသုံးစွဲရာတွင်မီးကြွင်းမီးကျန်များ မကျန်ရှိစေရန်နှင့် အဆိုပါ မီးကြွင်းမီးကျန်များမှတစ်ဆင့် မီးကူးစက်၍ မီးလောင်မှုများ ဖြစ်ပွားနိုင်သောကြောင့် ပြည်သူတစ်ဦး/တစ်ယောက်ချင်းမှစ၍ သတိပြုကြစေလိုကြောင်းနှင့် အရေးပေါ်အခြေအနေဖြစ်ပေါ်ပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို အသိပေးနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)