တောင်ငူမြို့၌ E-cigarette and Vape များ ရောင်းချမှုမရှိစေရေး စစ်ဆေးခြင်းနှင့် အသိပညာပေးကွင်းဆင်းဆောင်ရွက်

တောင်ငူ ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ E- cigarette and Vape (စီးကရက်အတု) များရောင်းချမှုမရှိစေရေးစစ်ဆေးခြင်း၊ သတိပေးခြင်းနှင့် အသိပညာပေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးအဖွဲ့နှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များပူးပေါင်း၍ စတိုးဆိုင် ဖုန်းဆိုင်နှင့် ကုန်စုံဆိုင်များတွင် E-cigarette and Vape (စီးကရက်အတု)များ ရောင်းချမှုမရှိစေရေး သွားရောက်စစ်ဆေးခဲ့ရာ ရောင်းချနေသည့် ဆိုင်(၂)ဆိုင်အား ရောင်းချခြင်းမပြုရန် ခံဝန်ကတိထိုးခြင်းနှင့် ထပ်မံရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးခဲ့ကြောင်း သိရသည်။

E-cigarette and Vape (စီးကရက်အတု) များကို လူငယ်လူရွယ်များသည် လည်တိုင်တွင်ချိတ်ဆွဲပြီး ဆေးလိပ်အစားထိုးဟုဆိုကာ ဓာတုအခိုးအငွေ့များကို ရှူရှိုက်မှုတ်ထုတ်သည့် စတိုင်ပုံစံဖြင့် သုံးစွဲနေကြောင်း၊ ၄င်းသည် ဘေးထွက်ဆိုးကျိုးများရှိပြီး ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်နိုင်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ခရိုင် (ပြန်/ဆက်)