ဝေါ ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း အထက်ဝိုင်းပါတ်ကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း အထက်ဝိုင်းပါတ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာဇာဝင်းရှိန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိမ္မာယဥ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချင်းချင်းအပြန်အလှန်ဆွေးနွေးတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်နှင့် စာအုပ်စာပေများကို ပိုမို ဖတ်ရှုလေ့လာနိုင်ကြစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က ပေါင်းစပ်ညှိနှိုင်းပေးသူအဖြစ်ဆောင်ရွက်ပေးပြီး အ.လ.ကအထက်ဝိုင်းကျောင်းမှ Grade(9) ကျောင်းသူ မစုမြတ်နိုးက “ငယ်စဉ်အခါပညာရှာရင်း စာဖတ်အလေ့ယှဉ်၍ပျိုးထောင်”ခေါင်းစဉ်ဖြင့်လည်းကောင်း Grade(9) ကျောင်းသူ မစုမွန်အောင် က “စားသောက်မှုပုံစံမှန်ကန်မှ အာဟာရပြည့်ဝကျန်းမာမည်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade(9) ကျောင်းသား မောင်သက်ထွေးမောင်က “ကျောင်းသားလူငယ်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(9) ကျောင်းသား မောင်ကောင်းစံလင်းက “နိုင်ငံအနာဂတ်စွမ်းအားလူငယ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(9) ကျောင်းသား မောင်အာကာကျော်က “နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များ၏ကျွမ်းကျင်မှု” စသည့်ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များနှင့် လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားကြကြောင်း သိရသည်။
အောင်မြတ်လင်း(ပြန်/ဆက်)