ပဲခူးမြို့၊ ပရိယတ္တိသဒ္ဓမ္မရက္ခိတအသင်းကြီးမှ (၃၈)ကြိမ်မြောက် သာသနာလင်္ကာရအကျော် စာမေးပွဲကျင်းပ

ပဲခူး ဒီဇင်ဘာ ၁၇

ပဲခူးမြို့၊ ပရိယတ္တိသဒ္ဓမ္မရက္ခိတအသင်းကြီး၏ (၃၈)ကြိမ်မြောက် ကျင်းပပြုလုပ်အပ်သော "သာသနာလင်္ကာရအကျော် စာမေးပွဲကို ဒီဇင်ဘာလ (၁၅) ရက်နေ့မှစတင်၍ ပဲခူးမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည်။

“သာသနာလင်္ကာရအကျော်” စာမေးပွဲကို နတ်တော်လပြည့်နေ့မှ နတ်တော်လပြည့်ကျော်(၂)ရက်နေ့ ဒီဇင်ဘာလ (၁၅) ရက်နေ့မှ ဒီဇင်ဘာလ (၁၇) ရက်နေ့ထိ  “ဗုဒ္ဓအသံ ဓမ္မဗိမာန်တော်" အပေါ်ထပ်၊ အောက်ထပ်၊ ရွှေမော်ဓောဘုရား ရင်ပြင်တော်ရှိ ရွှေကျောင်းတော်ဓမ္မာရုံ၊ နိဂြောဓာရုံဓမ္မာရုံ၊ ဓမ္မရွှေရည်ဓမ္မာရုံနှင့် မြင်းကျားဓမ္မာရုံတို့တွင် စာဖြေဌာန ၆ ခုဖွင့်လှစ်၍ (၃)ရက်တာ ကျင်းပပြုလုပ်လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတို့မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း(၂၁၉၄)ပါး ဝင်ရောက်ဖြေဆိုတော်မူကြကြောင်း သိရသည်။

အဆိုပါ “သာသနာလင်္ကာရအကျော်” စာမေးပွဲအား ကြွရောက်ဖြေဆိုတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား စာဖြေဆိုရက်များအတွင်း နေ့ဆွမ်းကပ်လှူခြင်း၊ အချိုပွဲ၊ အအေးများကပ်လှူခြင်းနှင့် စာမေးပွဲအား စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒဆရာတော်ကြီးများ၊ စာဖြေဌာနကြီးကြပ်ရေး ဆရာတော်ကြီးများနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)