မြိတ် ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ကျေးရွာများတွင် မတ်ပဲနှင့်ဆောင်းသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ယမန်နေ့က မြိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား မတ်ပဲနှင့်ဆောင်းသီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာပေးခြင်းကို ကျေးရွာများသို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြသည်။
နည်းပညာပေးရာတွင် စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရာတွင် မတ်ပဲသည် အရေးပါသောပဲတစ်မျိုးဖြစ်ပြီး နိုင်ငံခြားဈေးကွက်လည်းရှိသော သီးနှံတစ်ခုဖြစ်ကြောင်း၊ တောင်သူများအတွက် အကျိုးအမြတ်များစွာရရှိနိုင်သော သီးနှံတစ်ခုဖြစ်ပါကြောင်း၊ မြိတ်ခရိုင်အတွင်း ဆောင်းသီးနှံများအနေဖြင့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွန်း၊ ဘိုကိတ်ပဲများကို အဓိကထား စိုက်ပျိုးကြကြောင်း ပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ပဲစိုက်ခင်းများသို့ သွားရောက်လေ့လာခဲ့သူ ဒုတိယဦးစီးမှူး ဦးမင်းထွန်းက ပဲစိုက်ပျိုးခြင်းဆိုင်ရာ နည်းစနစ်များဖြစ်သည့် မတ်ပဲနှင့် ဆောင်းသီးနှံစိုက်ပျိုးရာတွင် လိုအပ်သောမျိုးစေ့နှုန်းထား၊ စိုက်ပျိုးနည်းစနစ်များ၊ ပုံမှန်နှင့်ပန်းပွင့်ချိန်ထည့်သွင်းရမည့် မြေဩဇာနှုန်းထားများ၊ ပေါင်းမြက်နှိမ်နင်းခြင်း၊ ကျရောက်တတ်သော ပိုးမွှားရောဂါများနှင့် ရိတ်သိမ်းနည်းစနစ်များကို အသိပညာပေး ဆွေးနွေးပြောကြားသည်။
ယခုနှစ် မတ်ပဲဈေးကွက်မှာ (၁)တင်းလျှင် (၁၃၀၀၀ဝိ/-) ခန့်၊ မျိုးမတ်ပဲ (၁)တင်းလျှင်(၁၈၀၀၀ဝိ/-) ခန့်ရှိကြောင်း၊ ယခုအချိန်အခါသည် မိုးစပါးများရိတ်သိမ်းပြီးစီး၍ အစိုဓာတ်အလျင်မီသည့် အနေအထားတွင် ဆောင်းသီးနှံများကို အချိန်မီစိုက်ပျိုးကြရန် လိုအပ်ပါကြောင်း၊ မြိတ်ခရိုင်၌ (၃၈၃) ဧက ပိုမိုတိုးချဲ့စိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိကာ မြိတ်မြို့နယ်အနေဖြင့်(၁၁၈)ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်ရာတွင် မတ်ပဲသည် အရေးပါသောပဲတစ်မျိုးဖြစ်ပါကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ မတ်ပဲနှင့်ဆောင်းသီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာပေးခြင်းကို ကျောက်ဖျာအုပ်စု ဝန်ဖို့ကျေးရွာ၊ သဘွတ်အုပ်စု ဝန်မယ်ကျေးရွာနှင့် အင်္ဂမော်အုပ်စု ကလန်ဗန်းကျေးရွာသို့ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက တောင်သူများအား မတ်ပဲနှင့်ဆောင်းသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းပညာပေးဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)