ချောင်းသာ ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ချောင်းသာမြို့ရုံးနှင့် Club အဖွဲ့ဝင်များပူးပေါင်းပြီး ယနေ့နံနက် ၈ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အုန်းလက်ခမောက်ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းကျော်ကျော်က သင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများအား တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် မိသားစုစားဝတ်နေရေးနှင့် အပိုဝင်ငွေရရှိစေရန်အတွက်ရည်ရွယ်ပြီး မိမိတို့ဌာနအနေဖြင့် ရက်တိုသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းတို့ကို မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ ဦးကိုကိုနိုင်(အုန်းလက်ခမောက်လုပ်ငန်း)က အုန်းပင်တစ်ပင်လုံးတွင်ပါဝင်သည့် အစိတ်အပိုင်းများကိုအခြေခံပြီး အုန်းလက်မှုပစ္စည်းများအဖြစ် အဆင့်ဆင့်ပြောင်းလဲ ထုတ်လုပ်နိုင်ကြောင်းကို ဦးစွာရှင်းလင်းပြောကြားပြီးနောက် အခြေခံလက်မှုပညာကိုအခြေခံပြီး အုန်းလက်များကိုအသုံးပြု၍ အုန်းလက်ခမောက်ပြုလုပ်ပုံအဆင့်ဆင့်ကို လက်တွေ့သင်ကြားပေးခဲ့သည်။
အဆိုပါသင်တန်းသို့ ရပ်ကွက်နှင့်ကျေးရွာများမှ တစ်ပိုင်တစ်နိုင် အုန်းလက်ခမောက်ပြုလုပ်နည်း ကို စိတ်ဝင်စားသူများ၊ Womem Club နှင့် Youth Club အဖွဲ့ဝင်များ စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)