ထား၀ယ် ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဗိုလ်ချုပ်ပုံတူဆွဲပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ကျင်းပသည်။
ပြိုင်ပွဲတွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပတ္တိကို ကျောင်းသူ/သား လူငယ်လူရွယ်များသိရှိကြပြီး လေးစားအားကျအတုယူလိုစိတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရေးနှင့် အမိနိုင်ငံတော်ကို ချစ်မြတ်နိုးစိတ်နှင့် ထိန်းသိမ်းလိုစိတ်များ ရှင်သန်လာစေရေး ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ ကျောင်းသား/သူများ အနေဖြင့် ပြိုင်ပွဲတွင် ပါဝင်ယဉ်ပြိုင်လိုစိတ်ရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စိတ်ပျော်ရွှင်ကြည်နူးစေရန်၊ စာကြည့်တိုက်ကို အသုံးပြုလာတတ်စေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူများက လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တစ်ပိုင်းဓာတ်ပုံ ပုံတူပန်းချီပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ရေးဆွဲခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်ဆရာမများက ကြည့်ရှုအားပေးသည်။
၎င်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က ဆုရွေးချယ်ခြင်း စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူများအား ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)