ကန်ကြီးထောင့် ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်တိုးပွားစေ၍ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်နှင့်စာဖတ်ရှိန်မြှင့်တင်ရေး ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ နံရံကပ်ပြပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲအား ယနေ့နံနက်က လူထုအခြေပြုဗဟိုဌာန(Community centre)ခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။
အဆိုပါ ကာယဉာဏစွမ်းရည်ပြိုင်ပွဲတွင် ကန်ကြီးထောင့်မြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း(မြို့သစ်)ရှိ ကျောင်းသား၊ ကျောင်းသူလေးများက ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကား ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ အစရှိသည့် ပြိုင်ပွဲများအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ဦးစီးအရာရှိ ဒေါ်ဇင်မာဦးနှင့် ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းတို့က အဆိုပါကျောင်းသား၊ ကျောင်းသူများကို အသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် ဧရာဝတီတိုင်းအတွင်း ထူးချွန်ထင်ရှားသည့် ပုဂ္ဂိုလ်များနှင့် မီးဘေးအန္ဒရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များအားလည်းကောင်း၊ သုတ၊ ရသ စာအုပ်စာစောင်များအားလည်းကောင်း လိုက်လံရှင်းလင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)