မယ်စဲ့မြို့နယ်တွင် ပြည်သူများအား မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှု (Mask Campaign) ပြုလုပ်

မယ်စဲ့ နိုဝင်ဘာ ၂၉

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူများအား နေအိမ် အပြင်ထွက်ပါက မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်က မြို့တွင်း လူစည်ကားရာနေရာများ၊ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များ၌ လိုက်လံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်များ စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေများကို လိုက်နာရင်း အိမ်တွင်းနေ၊ လက်ဆေး၊ နှာခေါင်းစည်းတပ် ဆိုသည့် အခြေခံကာကွယ်ရေး နည်းလမ်းများကို မဖြစ်မနေလိုက်နာ ကျင့်ဆောင်ကြရန် အသိပညာပေးခဲ့ပြီး နှာခေါင်းစည်း တပ်ဆင်မှု မရှိသော လမ်းသွား လမ်းလာများအား နှာခေါင်းစည်းများ ဝေငှခြင်းနှင့် စားသောက်ဆိုင်၊ ကုန်စုံဆိုင်များအား နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face shield) တို့ကို ပေးဝေခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)