ဖြူး ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကလေးငယ်များ ကလေးတီဘီရောဂါကင်းရှင်းရေးအတွက် အခြေခံပညာကျောင်းများတွင် ဖြူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့မှ စတင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့မ(၂) အလယ်တန်းကျောင်းခွဲနှင့် စာရေးလမ်းကျောင်းမူလတန်းလွန်တို့တွင် ကလေးတီဘီရောဂါအကြောင်း အသိပညာပေးစစ်ဆေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဖြူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်အေးအေးမြင့်ဦးဆောင်၍ ကျန်းမာရေးဆရာမများဖြစ်သည့် တီဘီရောဂါ တိုက်ဖျက်ရေးအဖွဲ့သည် မူလတန်းအရွယ်ကျောင်းသား/ကျောင်းသူများအား ကလေးတီဘီရောဂါအကြောင်း အသိပညာပေးဟောပြော၍ ရောဂါရာဇဝင်သံသယလက္ခဏာများမေးမြန်းခြင်း၊ လက်တွေ့စစ်ဆေးရာတွင် ကိုယ်အလေးချိန်၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ သွေးအားနည်းခြင်းရှိ/မရှိ၊ လည်ပင်းအကျိတ် ရှိ/မရှိ၊ အဆုတ်ချွဲသံ ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ပေးကြသည်။
ကလေးတီဘီရောဂါဖြစ်ပွားမှုနှုန်းမှာ (၅)နှစ်အောက်ကလေးများအဖြစ်များကြောင်း၊ တီဘီရောဂါပိုးကူးစက်ရခြင်း အဓိကအချက်မှာ တစ်အိမ်ထဲအနီးကပ်နေထိုင်သူ တီဘီဝေဒနာရှင်လူကြီးမှ ကူးစက်နိုင်ကြောင်း၊ (၂)ပတ်ထက်ပိုပြီး ချောင်းဆိုးခြင်း/ဖျားခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ကလေးတွင် တီဘီရောဂါတွေ့ရှိပါက တီဘီဆေးကို နေ့စဉ်မှန်မှန်(၆)လ သောက်သုံးခြင်းဖြင့် ပျောက်ကင်းနိုင်ကြောင်း ဖြူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)