ပန်းတနော် ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပညာရေးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတ စဉ်ဆက်မပြတ် တိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၁) နာရီက ပန်းတနော်မြို့နယ် အရှေ့ပိုင်းရပ်ကွက်၊ အ.မ.က(၄)ကျောင်းသို့ သုတ/ရသ စာအုပ်စာစောင် မျိုးစုံယူဆောင်၍ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါနယ်လှည့်စာကြည့်တိုက်လုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးစိုးက ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်ရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကိုပါ လေ့လာဖတ်ရှုကြရန် နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းနှင့် ပလတ်စတစ်သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးပြဿနာများ၊ ပလတ်စတစ်သုံးစွဲမှု လျော့ချရန်နည်းလမ်းများ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီးနောက် နံရံကပ်စာစောင်များပြသကာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုကြပြီး တိုင်းရင်းသားရုပ်ပုံ ပုံပြင်စာအုပ်များနှင့် ဓမ္မရုပ်ပြစာအုပ်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)