ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပ

ကျောက်ကြီး  ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် မအူပင်ဆိပ်ကျေးရွာအုပ်စု ဆိပ်ကြီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)၏စီစဥ်မှုဖြင့် မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြသည်။

 ရှေးဦးစွာ ဟောပြောပွဲကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့  ဒုတိယတပ်ခွဲမှူးက ဟောပြောပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကြက်ခြေနီတပ်ဖွဲ့သည် အခြေခံမူ (၇)ချက်ဖြင့် ရပ်တည်နေမှုများ၊ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်ဆိုသည့်ခေါင်းစဉ်အောက်တွင် ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်၊ ဘေးအန္တရာယ်ကျရောက်မှုကို ကာကွယ်ရန်စသည့် လုပ်ငန်းစဉ် သုံးရပ်ဖြင့်ဆောင်ရွက်နေမှုများ၊ လက်ရှိဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရမည့် အချက်များ စသည်တို့ကိုအသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ တပ်ဖွဲ့မှူးက စစ်လက်နက်ပစ္စည်းများဖြစ်သော မြေမြှုပ်မိုင်း၊ လက်လုပ်မိုင်း၊ ကြိုးဆွဲမိုင်းတို့၏ အန္တရာယ်ကြီးမားပုံများ၊ မိုင်းအန္တရာယ်သတိပေးထားရှိတတ်ပုံများ၊ မိုင်းအားတွေ့ရှိပါက ကြိုတင်ရှောင်ရှားပြီး သက်ဆိုင်ရာအကြီးအကဲများထံသတင်းပို့ရန် စသည့်အချက်များအား ဗီနိုင်းပိုစတာများဖြင့် ပြသရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက မိုင်းအန္တရာယ်အကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊  ရုပ်ပုံစာအုပ်များ ဝေငှဖတ်ရှုစေခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါအသိပညာပေးဟောပြောပွဲသို့  ဆိပ်ကြီးကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)