ပန်းတနော်မြို့၌ အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

မအူပင် ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဦးအောင်ကျော်သက်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝန်ထမ်းများပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ပန်းတနော်မြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ မုန့်မျိုးစုံ အရောင်းဆိုင်(၇)ဆိုင်တွင် ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

အဆိုပါပူးပေါင်းအဖွဲ့သည် ဈေးကွက်တွင်ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုး၌ စားသုံးသူ ကာကွယ်ပေးရေး ဥပဒေအရ အခန်း(၁၈)၊ ပုဒ်မ(၄၁) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းမှ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းပါဝင်မှုရှိ/မရှိ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များပါဝင်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက် အမှတ်(၂/၂၀၁၉) မြန်မာဘာသာဖြင့် ဖော်ပြရာတွင် ကုန်စည်အမျိုးအစားနှင့် အရွယ်အစားပေါ် အခြေခံ၍ ဖော်ပြရန်လိုအပ်သည့် အချက်အလက်များကို စားသုံးသူသို့ လက်လီရောင်းချမည့် ကုန်စည်၏ ထုပ်ပိုးပစ္စည်းပေါ်၌ဖော်ပြရန် ရောင်းချသည့်လုပ်ငန်းရှင်များ သိရှိနိုင်ရန် အသိပေးပြောကြား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)