E-cigarette and Vape များ ရောင်းချမှုမရှိစေရေး စစ်ဆေးခြင်းနှင့် အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ဖြူး ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ E- cigarette and Vape များ ရောင်းချမှုမရှိစေရေး စစ်ဆေးခြင်း၊ သတိပေးခြင်းနှင့် အသိပညာပေးခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဖြူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ကျော်မိုးဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဦးအေးမင်းနိုင်၊​ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်သန္တာစိုး၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့များပူးပေါင်း၍ စတိုးဆိုင်များ၊ ဖုန်းဆိုင်များ၊ ကုန်စုံဆိုင်များတွင် E-cigarette and Vape များ ရောင်းချမှုမရှိစေရေး Mobile ဖုန်းဆိုင် (၁၅)ဆိုင်၊ စားသောက်ဆိုင် (၅)ဆိုင်၊ ကုန်စုံဆိုင်(၁)ဆိုင်၊ စတိုးဆိုင် (၁)ဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင် (၂)ဆိုင်နှင့် စာရေးကိရိယာဆိုင် (၁)ဆိုင်ကို သွားရောက်စစ်ဆေးခဲ့ရာ Mobile phone ဆိုင် (၇)ဆိုင်တွင် ရောင်းချနေကြောင်းတွေ့ရှိရ၍ နောက်နောင်မရောင်းချရန် ခံဝန်ရေးထိုးစေခြင်းနှင့် ဆိုင်များအားလုံးအား အသိပညာပေးခဲ့ကြောင်း သိရသည်။

E-cigarette and Vape သည် လူငယ်လူရွယ်များ၏ လည်တိုင်တွင်ချိတ်ဆွဲပြီး ဆေးလိပ်အစားထိုးဟုဆိုကာ ဓာတုအခိုးအငွေ့များကို ရှူရှိုက်မှုတ်ထုတ်သည့် စတိုင်ပုံစံဖြင့် သုံးစွဲနေ​ကြောင်း၊ ၄င်းသည် ဘေးထွက်ဆိုးကျိုးများရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ စစ်ဆေးတွေ့ရှိ ထုတ်ပြန်ထားကြောင်း ဖြူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)