ထားဝယ်မြို့တွင် လူငယ်များ အသိပညာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနား ကျင်းပ

ထားဝယ် ဒီဇင်ဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုးတက်ဆန်းသစ်သည့် အတွေးအခေါ်ရှိသော နုပျိုတက်ကြွ၍ အားမာန်အပြည့်ရှိသော ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ မရှိမဖြစ်လိုအပ်ကြောင်း၊ ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို လွှဲပြောင်းတာဝန်ယူကြရမည့် အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်သလို အနာဂတ်ကမ္ဘာကို ပုံဖော်ရေးဆွဲကြမည့် နုနယ်ပျိုမြစ်သော လူ့စွမ်းအားအရင်းအမြစ်များလည်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းမှာရှိသည့် လူငယ်လူရွယ်များ အသိပညာ တိုးတက်ရေးအတွက် လူငယ်စာပေပြိုင်ပွဲများ၊ လူငယ်စကားဝိုင်းများ၊ လူငယ်စွမ်းရည်မြှင့်သင်တန်းများ၊ ကျောင်းသားအားကစားပြိုင်ပွဲများနှင့် လူငယ်အားကစားပြိုင်ပွဲများကို သက်ဆိုင်ရာဦးစီးဌာနများမှတဆင့် စီစဉ်ဆောင်ရွက်စေပြီး လိုအပ်သမျှကို ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများ အသိပညာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသိပညာပေး ဟောပြောပွဲကို အောင်မြင်စွာ ကျင်းပနိုင်အောင် လမ်းညွှန်ပေးသည့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်ကူညီပေးသော ထားဝယ်တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့်ဌာနမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ လူငယ်များ အသိပညာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသိပညာပေး ဟောပြောချက်များကို လေးစားစွာ နာယူမှတ်သားဖြန့်ဝေပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မင်းမင်းလတ်က အမှာစကား ပြောကြားပြီး ဆရာဇင်ဖြိုးပိုင်နှင့် ဆရာကောင်းသန့်တို့က လူငယ်များ အသိပညာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ကြသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ထားဝယ်တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဘာသာရပ်အသီးသီးမှ ပါမောက္ခဌာနမှူးများ၊ Polytechnic University (Dawei) မှ တာဝန်ခံပါမောက္ခချုပ်၊ သူနာပြုသင်တန်းကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံမှ ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့၊ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ် (ပြန်/ဆက်)